ဂျပန်ရေပိုင်နက်ထဲသို့ တရုတ်ရေတပ်သင်္ဘောတစ်စင်း ဝင်ရောက်ခဲ့မှုအပေါ် ဂျပန်အစိုးရ ကန့်ကွက်

ဂျပန်ရေပိုင်နက်ထဲသို့ တရုတ်ရေတပ်သင်္ဘောတစ်စင်း ဝင်ရောက်ခဲ့မှုအပေါ် ဂျပန်အစိုးရ ကန့်ကွက်
Published 1 September 2024

တရုတ်က ၎င်းတို့လေပိုင်နက်ထဲသို့ စစ်လေယာဉ်တစ်စင်း စေလွှတ်ခဲ့သည်ဟု ဂျပန်က စွပ်စွဲခဲ့ပြီး ရက်ပိုင်းအကြာတွင် တရုတ်ရေတပ် သင်္ဘောတစ်စင်း ဂျပန်ရေပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့ပြီးနောက် ဂျပန်နိုင်ငံက အကြီးအကျယ် စိုးရိမ်ကြောင်းနှင့် ကန့်ကွက်ကြောင်း သြဂုတ် ၃၁ ရက်က ပြောကြားခဲ့သည်။

သြဂုတ် ၃၁ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီဝန်းကျင်တွင် ဂျပန်နိုင်ငံတောင်ပိုင်း၊ ခုချိနိုအဲရာဘုကျွန်းအနီး ဂျပန်ရေပိုင်နက်ထဲသို့ တရုတ်ရေတပ်သင်္ဘောတစ်စင်း ဝင်ရောက်လာသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ သင်္ဘောသည် နှစ်နာရီနီးပါးအကြာတွင်  ယာခုရှိမကျွန်း အနောက်တောင်ဘက်မှ ပြန်လည်ထွက်ခွာ သွားကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အလွန်စိုးရိမ်ကြောင်းနှင့် ကန့်ကွက်ကြောင်း တိုကျိုမြို့ရှိ တရုတ်သံရုံးအား ကန့်ကွက်လွှာ ပေးပို့ခဲ့သည်။

ဂျပန်နိုင်ငံ အနီးတစ်ဝိုက် ရေပြင်ထဲတွင်  တရုတ်ရေတပ်သင်္ဘောများ သွားလာလှုပ်ရှားနေသည် ယခင်ဖြစ်စဉ်များနှင့် မကြာသေးမီက ဂျပန်လေပိုင်နက်ထဲသို့ တရုတ်စစ်လေယာဉ်တစ်စင်း ဝင်ရောက်ခဲ့သည့် ဖြစ်စဉ်တို့ကိုလည်း ထည်သွင်းဖော်ပြခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၃၁ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

သြဂုတ် ၂၆ ရက်က တရုတ်၏ Y-9 ကင်းထောက်လေယာဉ်သည် အရှေ့တရုတ် ပင်လယ်ရှိ ဒန်ဂျိုကျွန်းစုနှင့် မလှမ်းမကမ်းသို့ နှစ်မိနစ်ကြာ ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ဂျပန်က ဂျက်တိုက်လေယာဉ်များကို အရေးပေါ် ပျံတက်ခဲ့ရကြောင်းသိရသည်။ ယင်းသည် ဂျပန်၏ အချုပ်အခြာအာဏာကို စိုးရိမ်ဖွယ် ချိုးဖောက်မှုဖြစ်ကြောင်း ဂျပန်အစိုးရက ပြင်းထန်စွာ ရှုတ်ချခဲ့သည်။

အာရှ-ပစိဖိတ်ဒေသ၌ တရုတ်၏ စီးပွားရေးနှင့် စစ်ရေးသြဇာ ကြီးထွားလာခြင်းနှင့် နယ်မြေအငြင်းပွားမှုများတွင် ထိပ်တိုက်တွေ့သည့် လုပ်ရပ်များကြောင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအား ဂယက်ရိုက်စေခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနသည် လာမည့် ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ယန်း ၈ ဒသမ ၅ ထရီလျံ (ဒေါ်လာ ၅၉ ဘီလျံ) တောင်းခံခဲ့ပြီး ယင်းသည် ကနဦး ဘတ်ဂျက်တောင်းခံမှုများအနက် ပမာဏအများဆုံးဖြစ်သည်။

ယင်းသည် ယန်း ၄၃ ထရီလျံ သုံးစွဲမည့် ၂၀၂၈ ခုနှစ် မတ်လအထိ ငါးနှစ်တာ ကာကွယ်ရေးအင်အား မြှင့်တင်ရေး စီမံချက် တစ်စိတ်တစ်ဒေသအဖြစ် ၎င်းဘတ်ဂျက်ကို တောင်းခံခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဘတ်ဂျက်တောင်းခံမှုတွင် အဝေးမှ ပစ်မှတ်များကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ရေးအတွက် ငွေကြေးထောက်ပံ့မှုများ ပါဝင်ကြောင်း သိရသည်။

ထိုပမာဏသည် ယမန်နှစ်တွင် တောင်းခံခဲ့သည့် ကနဦးဘတ်ဂျက် ယန်း ၇ ဒသမ ၇ ထရီလျံထက် ပိုများသော်လည်း လက်ရှိဘဏ္ဍာနှစ်အတွက် အတည်ပြုထားသည့် အမှန်တကယ် ဘတ်ဂျက်ပမာဏဖြစ်သော ယန်း ၉ ဒသမ ၄ ထရီလျံထက် နည်းပါးလျက်ရှိသည်။ ၎င်းဘတ်ဂျက်တောင်းခံမှုကို  သြဂုတ် ၃၀ ရက် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေး၌ အတည်ပြုခဲ့ခြင်းဖြစ်ကာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြထားကြောင်း သိရသည်။

Ref:AFP

 

 

                                     

 

 

 

Most Read

Most Recent