တရုတ်တပ်မတော်က မြန်မာ-တရုတ်နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်

တရုတ်တပ်မတော်က မြန်မာ-တရုတ်နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်
Photo: Xinhua
Photo: Xinhua
Published 29 August 2024
Ref; Xinhua

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က မြန်မာ-တရုတ်နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းတွင် စစ်ရေးလေ့ကျင့်မှုများကို သြဂုတ် ၂၇ ရက်မှစတင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုကို တရုတ်တပ်မတော် တောင်ပိုင်းစစ်ဒေသကြီးက ကြည်းတပ်၊ လေတပ်ဖြင့် ပူးတွဲ လက်တွေ့ စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခြင်းဖြစ်ကြောင်း PLA  တောင်ပိုင်းစစ်ဒေသကြီး ပြောရေးဆိုခွင့်ရှိသူ လေတပ်အကြီးတန်း ဗိုလ်မှူးကြီးထျန်ကျွင်းလီက ပြောကြားသည်။

ယင်းသို့ဆောင်ရွက်ရသည့် ရည်ရွယ်ချက်သည် စစ်ဒေသကြီးရှိ တပ်ဖွဲ့များ၏ ကင်းထောက်နှင့် ကြိုတင်သတိပေးမှု၊ ထောင့်စုံပိတ်ဆို့ထိန်းချုပ်နိုင်မှု၊ ပစ်ခတ်မှုစွမ်းရည်တို့ကို စစ်ဆေးရန်ဖြစ်ကြောင်း၊ စစ်ဒေသကြီးရှိ တပ်ဖွဲ့များသည် ရုတ်ချည်းဖြစ်ပွားသောအခြေအနေအမျိုးမျိုးကို ချက်ချင်းကိုင်တွယ်ဖြေရှင်းနိုင်ရန် အသင့်ပြင်ထားပြီးဖြစ်ကြောင်း၊ နိုင်ငံ၏အချုပ်အခြာအာဏာ၊ နယ်စပ်တည်ငြိမ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ခိုင်မာစွာ ကာကွယ် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးထျန်ကျွင်းလီက ပြောကြားသည်။

ယင်းလက်တွေ့စစ်ရေးလေ့ကျင့်မှုကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၇ ရက် မှ ၂၉ ရက်အထိ ဆောင်ရွက်ခြင်းဖြစ်ပြီး လက်တွေ့စစ်ရေးလေ့ကျင့်မည့်နေရာများမှာ ရွှေလီမြို့ ဟုယွိကျေးရွာအနီး၊ ရွှေလီမြို့  ဝမ်တိန်မြို့နယ်အနီး၊ ကျန့်ခန်းခရိုင် မုန်သွေး ကျေးရွာအနီး၊ ကိန်းမာ တိုင်လူမျိုး၊ ဝ လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် မုန်တင့် မြို့နယ် အနီးတို့တွင်ဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်း စစ်ဒေသကြီး ကြည်းတပ် တပ်ဖွဲ့သည် ဩဂုတ် ၂၆ ရက်တွင် ရွှေလီ၊ ကျန့်ခန်း စသည့် နယ်စပ်လမ်းတစ်လျှောက်သို့ သွားရောက်၍ နယ်ခြားစောင့်တပ် ကင်းလှည့်ခြင်း၊ ဝေဟင်-မြေပြင် ပူးတွဲကင်းလှည့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ထိုသို့ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ စစ်ဒေသကြီး တပ်ဖွဲ့၏ လျင်မြန်စွာ လှုပ်ရှားနိုင်မှု၊ ထောင့်စုံ ပိတ်ဆို့ထိန်းချုပ်နိုင်မှု၊ ပူးတွဲ တိုက်ခိုက်မှု စွမ်းရည်တို့ကို စစ်ဆေးရန်၊ နယ်စပ်ဒေသ လုံခြုံတည်ငြိမ်ရေးကို ထိန်းသိမ်းရန် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent