အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလေဗန်က ပေကျင်းတွင် တရုတ်ထိပ်သီးအရာရှိများနှင့် ဆွေနွေးပွဲများပြုလုပ်

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလေဗန်က ပေကျင်းတွင် တရုတ်ထိပ်သီးအရာရှိများနှင့် ဆွေနွေးပွဲများပြုလုပ်
သြဂုတ် ၂၇ ရက်က ပေကျင်းမြို့တော်တွင် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဆူလေဗန်(ဝဲ)နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ လက်ဆွဲနှုတ်ဆက်နေစဉ်(Photo:AFP)
သြဂုတ် ၂၇ ရက်က ပေကျင်းမြို့တော်တွင် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဆူလေဗန်(ဝဲ)နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ လက်ဆွဲနှုတ်ဆက်နေစဉ်(Photo:AFP)
Published 28 August 2024

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလေဗန်သည် တရုတ်သို့ရောက်ရှိနေသည့် ဒုတိယမြောက်နေ့ဖြစ်သည့် သြဂုတ် ၂၈ ရက်တွင် ပေကျင်းမြို့တော်၌ တရုတ်ထိပ်သီးအရာရှိများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်မည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်မီ စူပါပါ၀ါ နှစ်နိုင်ငံအကြား တင်းမာမှုများကို လျှော့ချရန် ရည်ရွက်ချက်ဖြင့် ဆူလေဗန်သည် တရုတ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်းအရေး၊ ယူကရိန်းပဋိပက္ခ၊ ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေးနှင့် ကုန်သွယ်ရေး ကဏ္ဍများတွင် နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုများရှိနေချိန်တွင် ဆူလေဗန်သည် သြဂုတ် ၂၇ ရက်နှင့် သြဂုတ် ၂၈ ရက်နေ့များတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အခြားတရုတ်ထိပ်သီးအရာရှိများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

သြဂုတ် ၂၇ ရက်က ဆူလေဗန်နှင့် ဝမ် တို့သည် အစည်းအဝေးများ ပြုလုပ်ခဲ့ပြီးနောက် ပေကျင်းမြို့တော် မြောက်ဘက် အပန်းဖြေစခန်းတစ်ခုတွင် ညစာစားခဲ့ကြသည်။

“မကြာသေးခင်နှစ်တွေတုန်းက နှစ်နိုင်ငံဆက်ဆံရေးဟာ အလှည့်အပြောင်း၊ အချိုးအကွေ့တွေရှိခဲ့ပါတယ်” ဟု ဝမ်က သြဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

“နှစ်နိုင်ငံအကြား ထိရောက်စွာဖြေရှင်းဖို့လိုအပ်တဲ့ မတူကွဲပြားမှုတွေ ရှိနေဆဲဖြစ်ပြီး  သဘောတူထားတဲ့ ကဏ္ဍတွေရော သဘောထားချင်းကွဲလွဲနေတဲ့ ကဏ္ဍတွေအပါအဝင် အကြောင်းအရာအများအပြားကို ကျွန်တော် တို့ စေ့စေ့စပ်စပ် ဖော်ထုတ်အဖြေရှာသွားမှာပါ”ဟု ဆူလေဗန်က ပြောကြားခဲ့သည်။

ယခုခရီးစဉ်သည် ၂၀၁၆ ခုနှစ်နောက်ပိုင်း အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေးတစ်ဦး တရုတ်နိုင်ငံသို့ ပထမဆုံးလာရောက်ခြင်း ဖြစ်သည်။

သမ္မတသက်တမ်း ကုန်ဆုံးတော့မည့် ဘိုင်ဒင်သည် နှစ်နိုင်ငံတင်းမာမှုများကို ဘေးချိတ်ပြီး တရုတ်သမ္မတ ရှီကျင်းပင်အပေါ် သြဇာလွှမ်းမိုးစေရန် သံတမန်နည်းအရ တိုက်ရိုက်လုပ်ဆောင်ခဲ့ပြီး သမ္မတရွေးကောက် ပွဲဝင်မည့် ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းဖြစ်သည့် ဒုတိယသမ္မတ ကာမယ်လာဟဲရစ်သည်လည်း အလားတူ မဟာဗျူဟာကို ကျင့်သုံးဖွယ်ရှိနေသည်။

သို့သော် ရီပတ်ဘလစ်ကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်ကမူ တရုတ်၏ မြင့်တက်နေသည့် နိုင်ငံခြားရေးမူဝါဒ လှုပ်ရှားမှုများကို ရင်ဆိုင်ရာတွင် ဘိုင်ဒင်၏ ချဉ်းကပ်မှုသည် အလွန်ပျော့ပြောင်းလွန်းသည်ဟု ယူဆ ထားဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဆူလေဗန်သည် နှစ်နိုင်ငံစစ်တပ်အကြား ဆွေးနွေးမှုများကို စစ်ဘက်ကွပ်ကဲရေး အဆင့်အထိ ချဲ့ထွင်ရန်ဆန္ဒရှိနေပြီး ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ထိုင်ဝမ်ရေလက်ကြားကဲ့သို့ သတိထားရမည့် နေရာဒေသများတွင် ပဋိပက္ခကို တားဆီးနိုင်လိမ့်မည်ဟု အမေရိကန်က မျှော်လင့်ထားသည်။

ထို့ပြင် အမေရိကန်တွင် မူးယစ်ဆေးလွန်ပြီး သေဆုံးသည့်ဖြစ်စဉ်များကို ဖြစ်စေသည့် ဖန်တာနိုင်းလ် မူးယစ်ဆေးပြုလုပ်နိုင်သည့် ဓာတုဗေဒပစ္စည်းများ တရုတ်ပြည်တွင်းတွင် ထုတ်လုပ်မှုကိုလည်း တရုတ်အစိုးရက တားဆီးမှုကို ပိုမိုလုပ်ဆောင်ပေးရန် အမေရိကန်က အလိုရှိနေသည်။

တရုတ်ကမူ တရုတ်ချစ်ပ်ပြားထုတ်လုပ်သည့် ကုမ္ပဏီများကို ပစ်မှတ်ထားသည့် ပို့ကုန်ထိန်းချုပ်မှုများနှင့် အခြားထုတ်ကုန်များအပေါ် အမေရိကန်၏ အခွန်စည်းကြပ်ကောက်ခံမှုများနှင့်ပတ်သက်ပြီး ကျေနပ်ခြင်းမရှိ ကြောင်း ပြသရန် စီစဉ်လျက်ရှိသည်။

Ref:AFP

Most Read

Most Recent