ဗလင်စီယာအားအနိုင်ရသည့် လာလီဂါပွဲစဉ်တွင် ဘာစီလိုနာလူငယ်ကစားသမားများ လာလီဂါပြိုင်ပွဲသမိုင်း၏ စံချိန်မှတ်တမ်းသစ်အချို့ကို ပိုင်ဆိုင်နိုင်ခဲ့

ဗလင်စီယာအားအနိုင်ရသည့် လာလီဂါပွဲစဉ်တွင် ဘာစီလိုနာလူငယ်ကစားသမားများ လာလီဂါပြိုင်ပွဲသမိုင်း၏ စံချိန်မှတ်တမ်းသစ်အချို့ကို ပိုင်ဆိုင်နိုင်ခဲ့
Photo : Getty Images
Photo : Getty Images
Published 19 August 2024

သြဂုတ် (၁၈) ရက်နံနက်အစောပိုင်းကယှဉ်ပြိုင်ခဲ့သည့် ၂၀၂၄-၂၅ ဘောလုံးရာသီ လာလီဂါပွဲစဉ် (၁) ဗလင်စီယာ (၁-၂) ဘာစီလိုနာပွဲစဉ်အပြီးတွင် ဘာစီလိုနာအသင်းမှအကယ်ဒမီထွက် ဆယ်ကျော်သက်လူငယ်ကစားသမားများမှာ လာလီဂါပြိုင်ပွဲသမိုင်း၏ စံချိန်မှတ်တမ်းသစ်အချို့ကို ပိုင်ဆိုင်နိုင်ခဲ့ကြောင်းသိရသည်။ ဂျာမန်လူမျိုးနည်းပြ ဟန်ဆီဖလစ်ခ်၏ ဘာစီလိုနာနည်းပြဘ၀ ပထမဆုံးလာလီ ဂါပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ဘာစီလိုနာအသင်းသည် အကယ်ဒမီထွက်ကစားသမား (၅)ဦးအထိ ပွဲထုတ်ယှဉ်ပြိုင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြကာ ရာသီအဖွင့် အဖိုးတန်အဝေးကွင်းနိုင်ပွဲကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဗလင်စီယာနှင့်ပွဲစဉ်မှ ဘာစီလိုနာအသင်း၏ ပွဲထွက်ကစားသမားစာရင်းတွင် အကယ်ဒမီကစားသမားများအဖြစ် နောက်ခံလူ ဘယ်လ်ဒီ၊ ကူဘာစီ၊ ကွင်းလယ်လူ ဘာနယ်လ်၊ ကာဆာဒိုနှင့် တောင်ပံကစားသမား ယမားလ်တို့ပါဝင်ခဲ့ခြင်းဖြစ်ပြီး ယင်းကစားသမားများထဲမှ ကူဘာစီ၊ ဘာနယ်လ်နှင့် ယမားလ်တို့ (၃)ဦးမှာ အသက် (၁၇)နှစ်အရွယ်စီသာ ရှိသေးပြီး ပရော်ဖက်ရှင်နယ်စာချုပ်ပင် မချုပ်ဆိုရသေး ကြောင်းသိရသည်။ (ဘယ်လ်ဒီနှင့် ကာဆာဒိုတို့မှာ အသက် ၂၀ နှစ်အရွယ်ရှိပြီဖြစ်သည်) ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် ၁၉၉၈-၉၉ ရာသီနောက်ပိုင်း ပွဲစဉ်တစ်ပွဲအတွင်း အသက် (၁၈)နှစ်အောက်ကစားသမား (၃)ဦးကို ပွဲထွက်ကစားစေသည့် တစ်သင်းတည်းသောအသင်းအဖြစ် မှတ်တမ်းဝင်ထားသလို၊ ယင်းမှတ်တမ်းအား ဒုတိယအကြိမ်မြောက်ပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဘာစီလိုနာအသင်းသည်  ၂၀၂၄ မေလအတွင်းကယှဉ်ပြိုင်ခဲ့သည့် အယ်မယ်ရီယာနှင့်လာလီဂါပွဲစဉ်တွင် ယမားလ်၊ ကူဘာစီနှင့် ဖော့တ်အစရှိသည့် အသက် (၁၈)နှစ်အောက်ကစားသမား (၃)ဦးအား ပထမဆုံးအကြိမ်ပွဲထွက်ကစားစေခဲ့သလို၊ ယခု ၂၀၂၄-၂၅ ရာသီအဖွင့်ပွဲစဉ် (၁)တွင်ပင် ဒုတိယအကြိမ်မြောက်ထပ်မံပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဗလင်စီယာအားအနိုင်ရသည့်ပွဲစဉ်တွင် လီဝန်ဒေါစကီး၏ချေပဂိုးအား ဖန်တီးမှုပြုလုပ်ပေးခဲ့သည့် စပိန်ကြယ်ပွင့်တောင်ပံကစားသမား ယမားလ်မှာလည်း ဘာစီလိုနာကစားသမားဘ၀ လာလီဂါပွဲစဉ် (၃၉)ပွဲကစားရာတွင် ဂိုးပါဝင်ပတ်သက်မှု (၁၀) ကြိမ် (၅ ဂိုးသွင်း၊ ၅ ဂိုးဖန်တီး) ပြည့်မြောက်ခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ယမားလ်အနေဖြင့် ဘာစီလိုနာကစားသမားများပင်ဖြစ်သည့် ကာကစ် (၁၃ ဂိုး၊ ၁၀ ဂိုးသွင်း၊ ၃ဂိုးဖန်တီး)နှင့် အန်ဆူဖာတီ (၁၂ ဂိုး၊ ၁၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီး)တို့၏နောက် (၂၁) ရာစုအတွင်း  အသက် (၁၈)နှစ်မတိုင်မီ လာလီဂါဂိုးပါဝင်ပတ်သက်မှု (၁၀)ကြိမ်နှင့်အထက်ပြည့်သည့် တတိယမြောက်ကစား သမားအဖြစ်မှတ်တမ်းဝင်နိုင်ခဲ့သည်။ ဘာစီလိုနာအသင်းသည် ယင်းပွဲ၏ ပွဲချိန်ဒုတိယပိုင်းတွင်လည်း အကယ်ဒမီထွက်ကစားသမား (၂)ဦးဖြစ်သည့် အဲရစ်ဂါစီယာ (၂၃ နှစ်) နှင့် ဂျရတ်မာတင် (၂၂ နှစ်)တို့နှစ်ဦးကို လူစားဝင်ကစား စေခဲ့ကြောင်းသိရသည်။

Most Read

Most Recent