အိမ်ပြန်ဖို့ အတွေးများနဲ့ စစ်ဘေးရှောင်များရဲ့ဘဝ

အိမ်ပြန်ဖို့ အတွေးများနဲ့ စစ်ဘေးရှောင်များရဲ့ဘဝ
တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံအများအပြား စွန့်ခွာခဲ့ကြရသည့် လားရှိုးမြို့ကို သြဂုတ်လ တတိယပတ်အတွင်းက တွေ့မြင်ရစဉ်
တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံအများအပြား စွန့်ခွာခဲ့ကြရသည့် လားရှိုးမြို့ကို သြဂုတ်လ တတိယပတ်အတွင်းက တွေ့မြင်ရစဉ်
Published 18 August 2024
စိုင်းထွန်း (လားရှိုး)

ဘယ်သူမဆို ကိုယ်နေခဲ့တဲ့အိမ်၊ ကိုယ်ပိုင်ခဲ့တဲ့အိမ်လေးကို အကြောင်းကြောင်းကြောင့် စွန့်ထားခဲ့ရတယ်ဆိုရင်  တစ်ချိန်ချိန် တော့ ပြန်ချင်စမြဲမဟုတ်လား။ ကိုယ့်အိမ်လေးထဲမှာဆိုရင် ကိုယ်နေချင်သလိုနေ၊ ကိုယ်စားချင်သလိုစား၊ ကိုယ့်စိတ်တိုင်းကျ အရာရာကို မွမ်းမံလို့ရတဲ့ နေရာလေး မဟုတ်လား။ ဒီနေရာလေးကို ဘယ်သူက မတပ်မက် မလွမ်းဆွတ်ဘဲ နေပါ့မလဲ။

အကြောင်းတရားတွေကြောင့် ကိုယ့်အိမ်လေးကို ခဏတာစွန့်ခွာလာကြရတဲ့ စစ်ဘေးရှောင်တွေရဲ့ ဘဝမှာ နယ်မြေဒေသအ ခြေအနေကောင်းရင်တော့ ကိုယ့်မြေ၊ ကိုယ့်နေရပ်လေးဆီ ပြန်ချင်ကြစမြဲပါပဲ။

အခုတော့ လားရှိုးမြို့ကနေ စွန့်ခွာလာ ကြတဲ့ တိုက်ပွဲရှောင်သူတွေရော၊ စစ်ဘေး ရှောင်သူတွေရော နယ်မြေဒေသအခြေအနေ တွေကို နားစွင့်ရင်း အိမ်ပြန်ဖို့ ပြင်ဆင်နေကြ ပြီ။ တချို့တွေကတော့ အိမ်ပြန်လို့ ရကြပေမဲ့ တချို့တွေအတွက်ကတော့ အိမ်ပြန်ဖို့အရေး မတွေးနိုင်သေးတဲ့ အခြေအနေတွေနဲ့ ။

လက်ရှိအချိန် လားရှိုးမြို့ပေါ်မှာ တိုက် ပွဲဖြစ်ပွားမှုတွေ ရပ်တန့်သွားလို့ နေရပ်စွန့်ခွာ လာသူတချို့ အိမ်ပြန်နေကြပေမဲ့ အိမ်ပြန်ကြ တဲ့ ရည်ရွယ်ချက်တွေကတော့ တစ်ယောက်နဲ့ တစ်ယောက် တူညီမှုမရှိကြပါဘူး။

တချို့တွေက အိမ်မှာကျန်ခဲ့တဲ့ ပစ္စည်း တွေ ပြန်ယူဖို့ ပြန်ကြတယ်။ တချို့က တိုက်ပွဲ သံ မကြားရတော့တဲ့မြို့က ကိုယ့်အိမ်ကို ပြန် နေကြမယ်ဆိုတဲ့စိတ်နဲ့ ပြန်ကြတယ်။ တချို့က တော့ ကိုယ့်ဆိုင်ကပစ္စည်းတွေ ကိုယ့်ဂိုဒေါင် က ပစ္စည်းတွေ ပြန်ကြည့်ကြဖို့နဲ့ ပြန်သယ်ကြဖို့ ပြန်ကြတယ်။ ဒါပေမဲ့ တချို့တွေအတွက်က တော့ ပြန်ဖို့အိမ်တောင်မရှိရှာကြတော့ဘူး။ လက်နက်ကြီးဒဏ်ကြောင့် ပျက်စီးခဲ့ရတာ ရှိ သလို မီးလောင်ဒဏ်ကြောင့် ပျက်စီးခဲ့ကြရ တာလည်း ရှိတာပါပဲ။

တိုက်ပွဲတွေကိုရှောင်ရင်း ကိုယ့်နေရပ်၊ ကိုယ့်အိမ်လေးဆီ ဘယ်အချိန် ပြန်နိုင်မလဲ ဆိုတဲ့ သတင်းတွေကို နားစွင့်ရင်း ရှင်သန်နေ ကြရတဲ့ စစ်ဘေးရှောင်တွေရဲ့ နေ့ရက်တွေက အဆင်ပြေတာရှိသလို အဆင်မပြေ ကြတဲ့သူ တွေလည်း တစ်ပုံတစ်ပင်။

လားရှိုးမြို့မှာ တိုက်ပွဲတွေစတင်ဖြစ်ပွား ခဲ့တာ ဇူလိုင်လ ၂ ရက်နေ့ ညကတည်းကဆို တော့ အခုဆိုရင် တချို့စစ်ဘေးရှောင်သူတွေ အနေနဲ့ ကိုယ့်အိမ်ကိုယ့်နေရာလေးကို စွန့်ခွာ လာကြရတာ အချိန်အားဖြင့် တစ်လခွဲဝန်း ကျင် ရှိနေပါပြီ။

တချို့တွေက နေပြည်တော်၊ ရန်ကုန်၊ မန္တလေးဘက်ကို စစ်ဘေးရှောင်ကြပေမယ့် အများစုကတော့ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးနယ်တစ်ဝိုက်နဲ့ ညောင်ရွှေ၊ ကျေး သီး၊ မိုင်းကိုင်၊ လွိုင်လင်၊ လဲချားမြို့တွေဘက် မှာပဲ စစ်ဘေးရှောင်ရင်း နေထိုင်နေကြရ တယ်။ ကိုယ့်အိမ်က ထွက်လာတဲ့ နေ့ရက် အချိန်တွေ ကြာလာတာနဲ့အမျှ ကိုယ့်မှာပါတဲ့ ရိက္ခာလေးက ချို့တဲ့လာတယ်။ ဝင်ငွေမရှိတဲ့ ဘဝကိုဖြတ်သန်းရင်း ဘာအလုပ်တွေ လုပ် ကိုင်စားကြမလဲဆိုတာ တွေးလိုက်တိုင်း ဒွိဟ ဖြစ်စေခဲ့ပါတယ်။

          “မကြာတော့ပါဘူး။ ငါတို့ အိမ်ပြန်ကြရ တော့မှာပါ” ဆိုတဲ့အတွေးက ရှေ့တိုးဖို့ ခက်ခဲ စေသလို ရပ်နေဖို့ကလည်း မဖြစ်ပြန်ဘူး။ စစ် ရှောင်နေကြရတဲ့ ရက်ကြာလာတာနဲ့အမျှ စားဝတ်နေရေးအခြေအနေက ထိုင်နေလို့ မဖြစ်တော့တဲ့အကြောင်း သတိပေးလာတယ်။ ရေရှည်အတွက် ဆုံးဖြတ်ချက်တွေကို ခိုင်ခိုင် မာမာချဖို့ လိုအပ်လာတယ်။

          ဘယ်လမ်းကို ဆက်လျှောက်ကြမလဲဆို တဲ့ မေးခွန်းကို တိတိကျကျဖြေဖို့လိုလာတယ်။ သြဂုတ်လ ပထမပတ်အတွင်းမှာ လားရှိုးမြို့က နေ စစ်ဘေးရှောင်လာသူ ဒေသခံတော်တော် များများ နေရပ်ပြန်တာကို ကြားသိရတယ်။ တော်တော်များများက စီးပွားရေးသမားတွေ၊ ကုန်သည်တွေပြန်ကြပါတယ်။ ပိုင်ဆိုင်မှု များ များစားစား ထားခဲ့ကြရတဲ့ ဒေသခံတွေ နေရပ် ပြန်ကြတယ်။ သူတို့ပြန်ကြရတဲ့ အဓိက အ ကြောင်းရင်းက တိုက်ပွဲတွေဖြစ်ပြီး စစ်ဘေး ရှောင်နေကြရလို့ ဒေသခံတွေ မရှိကြတော့တဲ့ မြို့ထဲမှာ သူခိုးတွေ သောင်းကျန်းလွန်းတဲ့ အ ချက်ကြောင့်ပဲ ။

          “တောမီးလောင် တောကြောင် လက် ခမောင်းခတ်” ဆိုတဲ့ စကားအတိုင်း မြို့ထဲက အိမ်ကြီးအိမ်ကောင်းတွေ၊ စတိုးဆိုင်ကြီးတွေ တော်တော်များများ သူခိုးလက်ချက် မမိတဲ့ နေရာ မရှိသလောက်ဖြစ်နေတဲ့အကြောင်း ကြားသိရပါတယ်။

          မအေးချမ်းတဲ့နယ်မြေမှာ သူခိုးတွေက သူဋ္ဌေးဖြစ်ပြီး သူဋ္ဌေးတွေက ဘဝပျက်ကြရ မယ့် အနေအထားဖြစ်နေတဲ့အကြောင်း ဒေ သခံတွေက ပြောကြတယ်။

          လူအရောက်အပေါက်နည်းတဲ့ရပ်ကွက် တွေထဲက နေအိမ်တွေဆိုရင် သူခိုးတွေက တစ်အိမ်တက် တစ်အိမ်ဆင်းပြီး ဖောက်ထွင်း ကြပါတယ်။ အုပ်စုလိုက် လှုပ်ရှားပြီး အိမ်တွင်း ကပစ္စည်းတွေကို ကုန်တင်ကားတွေ ထော်လာ ဂျီတွေနဲ့တင်ပြီး ကိုယ့်ပစ္စည်းလိုလိုနဲ့ လာယူ ကြတယ်လို့ မျက်မြင်တွေ့မြင်သူတွေက ဆိုကြ တယ်။

          ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေသူငယ် ချင်းတွေက ဒါသူများပစ္စည်းတွေ၊ ဘာကြောင့် လာယူကြတာလဲလို့မေးတော့ သူတို့က ယူ တော့ဘာဖြစ်လဲဆိုတဲ့ပုံစံနဲ့ ဒေါမာန်ပြပြီး အိမ်ထဲကပစ္စည်းတွေကို သယ်နေသူ ဖောက် ထွင်းသူခိုးတွေက ဓားကိုင်ပြီး လူလုံးထွက်ပြလို့ မသိမသာ ရှောင်ထွက်ခဲ့ကြရတယ်လို့ ဆိုပါ တယ်။

          “အဓိကကတော့ အိမ်ပြန်ကြရတဲ့ ရည် ရွယ်ချက်က အိမ်မှာကျန်ခဲ့တဲ့ ကိုယ့်ပစ္စည်း တွေ နဂိုအတိုင်း ရှိသေးရဲ့လား။ သူခိုးတွေက အိမ်ကိုဖောက်ပြီး ဘာပစ္စည်းတွေ ယူသွားကြ ပြီလဲ။ ကိုယ့်အိမ်လေး နဂိုအတိုင်း ရှိသေးရဲ့ လားဆိုတဲ့ အတွေးတွေကြောင့် အရဲစွန့်ပြီး ပြန်ကြရတာပါ။ တိုက်ပွဲတွေ ငြိမ်သက်သွား ပြီလို့ဆိုကြပေမဲ့ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ် နေရာမှာ ဘာဖြစ်ဦးမယ်ဆိုတာ မသေချာ သေးတဲ့အနေအထားမို့ ပြန်ချင်သူတွေလည်း ပြန်ဖို့မရဲကြသေးပါဘူး။ ဒီလိုအနေအထားမှာ ကိုယ်ပိုင်ဆိုင်တဲ့၊ ကိုယ်တစ်သက်လုံး ရှာဖွေ ခဲ့တဲ့ ပစ္စည်းတွေကို ပြန်ကြည့်ကြတယ်။ အိမ် ပြန်ရောက်လို့ ကိုယ့်ပစ္စည်းတွေ နဂိုအတိုင်း လေး ရှိနေသေးရင်တော့ တကယ့်ကို ကံ အကောင်းဆုံးလူပေါ့” လို့ လားရှိုးမြို့နေ ဒေ သခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြော ပါတယ်။

          တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကာလအ တွင်း လားရှိုးမြို့က အထင်ကရ ဂိုဒေါင်တော် တော်များများ အဖောက်ခံရပြီး သိန်းထောင် ကျော် ဆုံးရှုံးခဲ့ရတဲ့သူ အများအပြားရှိခဲ့တယ် လို့လည်း သိရတယ်။ ဒါက တိုက်ပွဲတွေကြောင့် လက်နက်ကြီးကျပြီး မီးလောင်လို့ ဆုံးရှုံးတာ မဟုတ်ဘဲ သူခိုးတွေကြောင့် ဆုံးရှုံးရမှုလို့ ဆိုပါတယ်။

          “လားရှိုးမြို့မှာရှိတဲ့ အဓိက ကုန်စည်ဖြန့် ဖြူးသူတွေရဲ့ ဂိုဒေါင်တွေ အဖောက်ခံရတာ တွေ အများအပြားရှိခဲ့တယ်။ တချို့ဂိုဒေါင် တွေထဲမှာရှိတဲ့ပစ္စည်းတွေ သူခိုးတွေသယ်လို့ ဘာမှမကျန်တော့ဘူး။ အဲဒီအထဲမှာထားခဲ့တဲ့ ပစ္စည်းတန်ဖိုးက သိန်းလေးထောင်ဖိုးကျော် တယ်။ အခုတော့ ဘာတစ်ခုမှ မရှိတော့ဘူး။ အကုန် သူခိုးတွေက ကုန်တင်ကားတွေနဲ့ကို လာသယ်သွားတယ်” လို့ လုပ်ငန်းရှင်တစ်ဦး က ပြောပါတယ်။

          တကယ်တော့ ကိုယ့်မြို့လေးကို စွန့်ခွာ လာပြီး ထွက်လာကတည်းက အိမ်ကို ဘယ်လို မေ့လို့ရမလဲ။ ကိုယ်နဲ့မရင်းနှီး၊ မကျင်လည်ဖူး ခဲ့တဲ့နယ်မြေမှာ ရပ်တည်နေရတာက ရေရှည် အတွက် အတွေးခက်လွန်းတဲ့ အရာတွေပါ။ အိမ်ပြန်ဖို့အတွေးတွေးနေတဲ့ စစ်ဘေးရှောင် တွေရဲ့ ဘဝက မနက်ဖြန်ဆိုတာ ကြိုတွေးလို့ မရသေးတဲ့ အကြောင်းတရားတွေပါ။ ရေရာ သေချာမှုမရှိတဲ့ နေ့ရက်တွေအတွက် ကိုယ့် မိသားစုနဲ့ကိုယ့်ရဲ့ အနာဂတ်နေ့ရက်တွေက မှောင်ရီဝိုးတဝါးနဲ့ စမ်းတဝါးဝါး ဖြစ်နေတုန်း ပါ။

          “မြို့ထဲမှာတော့ စျေးရောင်းစျေးဝယ် တွေ လုပ်နေကြပြီ။ စျေးကြီးတွေမှာ စျေးဖွင့် လှစ်ရောင်းချမှုတွေ မရှိသေးပေမဲ့ မြို့မှာရှိတဲ့ ဒေသခံတွေကတော့ ကိုယ့်ဝမ်းစာအတွက် ရောင်းဝယ်စားသောက်နေကြရတာပေါ့။ တချို့စျေးတွေမှာဆို အဟောင်းတန်းဆိုပြီး တော့တောင် စျေးတွေရောင်းချနေတာ တွေ့ ခဲ့ရတယ်။ မြို့မှာ ကျန်နေတဲ့သူတွေကတော့ စားဝတ်နေရေးအတွက် ကိုယ့်ဘဝ ရှင်သန် နိုင်ရေးအတွက် ရောင်းဝယ်ဖောက်ကားမှု တွေတော့ လုပ်နေကြရတာပေါ့” လို့ လားရှိုး မြို့ကို ခေတ္တပြန်သွားသူ ကိုစိုင်းအောင်က ပြောပါတယ်။

          လက်ရှိအချိန်အထိ လားရှိုးမြို့တွင်းမှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းဆက်သွယ်မှုတွေ ပြတ် တောက်နေဆဲဖြစ်ပြီး မြို့တွင်းမှာကျန်ရစ်ခဲ့သူ များအနေနဲ့ အခြားနေရာတွေဆီ ဖုန်းဆက် သွယ်ပြောလိုတယ်ဆိုရင် မြို့နဲ့ ၁၂ မိုင်ခန့် အကွာက ဖုန်းလိုင်းရတဲ့ နေရာလေးဆီ သွား ရောက်ကြပြီး ဖုန်းဆက်သွယ်ပြောကြရသလို အင်တာနက် သုံးစွဲလိုတယ်ဆိုရင်လည်း ၀ိုင် ဖိုင်ထုတ်လွှင့်ပေးထားတဲ့ နေရာအချို့မှာသာ သွားရောက်ပြီး အွန်လိုင်းသုံးစွဲနေကြရတယ် လို့ ပြောပါတယ်။

          မြို့တွင်းအခြေအနေတွေကတော့ အချို့ နေရာများတွင် သန့်ရှင်းရေး အနည်းငယ်ပြု လုပ်ထားတာကို တွေ့မြင်နိုင်သလို ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများခဲ့တဲ့ နေရာတွေမှာတော့ ဓာတ်တိုင်တွေလဲနေပြီး ဓာတ်ကြိုးတွေနဲ့ ရှုပ် ယှက်ခတ်နေဆဲဖြစ်သလို တချို့အိမ်တွေက တော့ လက်နက်ကြီးဒဏ်ကြောင့် ပြိုလဲပျက်စီး နေတယ်လို့ ဆိုပါတယ်။

          အိမ်ပြန်ကြသူ တော်တော်များများက တော့ ကိုယ့်အိမ်ကို အရင်ကအတိုင်း အရင် ပုံစံအတိုင်း ပြန်လည်မြင်ကြရတဲ့သူ နည်းပါး လှပြီး လက်နက်ကြီးဒဏ်နဲ့ ဗုံးဒဏ်ထိခိုက်မှုနဲ့ ကျည်ဆန်ထိမှန်ခံရမှုရှိထားကြသလို တချို့ တွေရဲ့အိမ်တွေကတော့ မြေလှန်ပြီး အသစ် ပြန်လည်တည်ဆောက်ကြရမယ့် အနေအ ထားလို့ ဆိုပါတယ်။

          တိုက်ပွဲတွေအတွင်း ကျည်မထိ ဗုံးမထိ ကံကောင်းခဲ့ကြတဲ့ နေအိမ်အဆောက်အအုံ တွေကျပြန်တော့လည်း သူခိုးတွေက သော့ တွေဖျက်၊ ပစ္စည်းတွေ ဝင်မွှေထားလို့  အိမ် တွင်းကပစ္စည်း ဗလာနိတ္ထိဖြစ်နေတဲ့ အနေ အထားတဲ့။

          ဘယ်လိုပဲဖြစ်ဖြစ် စစ်ဘေးရှောင်သူတွေ အနေနဲ့ ကိုယ့်မြေ၊ ကိုယ့်မြို့၊ ကိုယ့်အိမ်၊ ကိုယ့် ဝန်းကျင်လေးဆီကို တစ်ချိန်ချိန် ပြန်သွားနိုင် ခဲ့ကြရင် ကိုယ့်စွန့်ခွာခဲ့စဉ်ကအတိုင်း ရှိနေပါ စေလို့ ဆုတောင်းပေးရင်း . . .။

Most Read

Most Recent