တိုက်စစ်မှူးဟောင်း ဟာရီကိန်းကို စပါးပရိသတ်များ ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး စပါးပရိသတ်များရှေ့၌ ဆုဖလားကိုင်မြှောက်၍အောင်ပွဲခံရန် ဟာရီကိန်း ငြင်းဆန်ခဲ့

တိုက်စစ်မှူးဟောင်း ဟာရီကိန်းကို စပါးပရိသတ်များ ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး စပါးပရိသတ်များရှေ့၌ ဆုဖလားကိုင်မြှောက်၍အောင်ပွဲခံရန် ဟာရီကိန်း ငြင်းဆန်ခဲ့
Photo : Getty Images
Photo : Getty Images
Published 12 August 2024

စပါးအသင်း၏ ပရိသတ်များသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ရာသီကြိုခြေစမ်းပွဲတွင် တိုက်စစ်မှူးဟောင်း ဟာရီကိန်းကို မတ်တပ်ရပ်၍ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

စပါးနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့သည် Visit Malta Cup ဟူသည့် ခေါင်းစဉ်အောက်၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းအနေဖြင့် စပါးကွင်းသို့ ပထမဆုံးအကြိမ် ပြန်လည်ခြေချခွင့်ရရှိခြင်းဖြစ်သည်။

ဟာရီကိန်းသည် ပြီးခဲ့သည့်နှစ် နွေရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းထံ ယူရိုသန်း(၁၀၀)+Add-ons ကြေးယူရို(၁၀)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယခုပွဲ၌ ဒုတိယပိုင်းမိနစ်(၈၀)တွင် လူစားဝင်ကစားခဲ့ ခြင်းဖြစ်သည်။

ယင်းသို့ ဝင်ရောက်ကစားခဲ့သည့် ဟာရီကိန်းကို စပါးပရိသတ်များက မတ်တပ်ရပ်၍ ဂုဏ်ပြု ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။ ယင်းအတွက် ဟာရီကိန်းက "ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက်လုံးမှာ အားပေးခဲ့ကြတဲ့ စပါးပရိသတ်တိုင်းကို ကျွန်တော် အမြဲတမ်းကျေးဇူးတင်နေမှာပါ။ သူတို့ရဲ့ ကြိုဆိုမှုက အံ့အားသင့်စရာပါပဲ"ဟု ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ယင်းပွဲတွင် (၃-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် Visit Malta Cup ရရှိခဲ့ပြီး ဟာရီကိန်းအနေဖြင့် ဆုဖလားကိုင်မြှောက်ကာ အောင်ပွဲခံခွင့်ရရှိခဲ့သော်လည်း ၎င်းက ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ဟာရီကိန်းသည် စပါးအသင်းတွင် ဆုဖလားအောင်မြင်မှုမရရှိသည့်အတွက် ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ခဲ့သော်လည်း ပြီးခဲ့သည့်  ရာသီတွင် ဖလားလက်မဲ့ဖြစ်ခဲ့ရသည်။

ယခု ယင်းအခြေအနေကို အဆုံးသတ်နိုင်ပြီဟု ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့သော်လည်း ယခုဆုဖလားမှာ သရုပ်ပြပွဲအဆင့်သာရှိသည့်အတွက် ဆုဖလားအောင်မြင်မှုအဖြစ် သတ်မှတ်ခံရမည်မဟုတ်ဟု သိရသည်။

Most Read

Most Recent