ကီလီယန်အမ်ဘာပေ ရောက်ရှိလာသော်လည်း ဘယ်လင်ဂမ်၏ အခန်းကဏ္ဍ ပြောင်းလဲသွားမည်မဟုတ်ကြောင်း အန်ဆယ်လော့တီ ပြောကြား

ကီလီယန်အမ်ဘာပေ ရောက်ရှိလာသော်လည်း ဘယ်လင်ဂမ်၏ အခန်းကဏ္ဍ ပြောင်းလဲသွားမည်မဟုတ်ကြောင်း အန်ဆယ်လော့တီ ပြောကြား
Photos: Getty Images
Photos: Getty Images
Published 7 August 2024

 

ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြဖြစ်သူ ကားလို့စ်အန်ဆယ်လော့တီက အသင်းထံသို့ ပြင်သစ်ထိပ်တန်းကစားသမားတစ်ဦးဖြစ်သည့် ကီလီယန်အမ်ဘာပေ ရောက်ရှိလာသော်လည်း လက်ရှိကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သည့် ဂျုဒ်ဘယ်လင်ဂမ်၏ အခန်းကဏ္ဍမှာ ပြောင်းလဲသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဂမ်သည် အသက် (၂၁) နှစ်သာရှိသေးသော်လည်း ပြီးခဲ့သည့်ရာသီက ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ရောက်ရှိလာခဲ့ပြီးနောက် ၎င်း၏ပထမဆုံးရာသီတွင် စုစုပေါင်း ပွဲစဉ် (၄၂) ပွဲကစားခဲ့ရာတွင် သွင်းဂိုး (၂၃) ဂိုးအထိသွင်းယူပေးခဲ့ပြီး အသင်းကိုလည်း လာလီဂါအောင်မြင်မှုနှင့် ချန်ပီယံလိဂ်ဖလား အောင်မြင်မှုတို့ကို ရရှိအောင်ကူညီပေးနိုင်ခဲ့သူဖြစ်သည်။ လက်ရှိ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ကစားသမားတစ်ဦးဖြစ်ပြီး အသက် (၂၅) နှစ်အရွယ်ရှိပြီဖြစ်သည့် ကီလီယန်အမ်ဘာပေသည် ယခုရာသီတွင် PSG အသင်းထံမှ ရီးယဲလ်မက်ဒရစ်အသင်းထံသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့သည်။

ယင်းအတွက်ကြောင့် ထိပ်တန်းတိုက်စစ်ကစားသမားတစ်ဦး ရောက်ရှိလာသည့်အတွက် ဘယ်လင်ဂမ် သည် ခံစစ်ကို ပိုမိုအားပြုကစားရလိမ့်မည်ဆိုသည့် သုံးသပ်ချက်များ ထွက်ပေါ်လာခဲ့ရာ အန်ဆယ်လော့တီက "သူ့ရဲ့အခန်းကဏ္ဍက ဘာမှပြောင်းလဲမှာ မဟုတ်ပါဘူး။ လုံးဝမပြောင်းလဲပါဘူး။ ပထမဆုံးရာသီမှာတင် သူက အံ့အားသင့်စရာတွေအများကြီးကို လုပ်ပြခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ အရမ်းကောင်းမွန်တဲ့ အရည်အသွေးကြောင့်တင် မဟုတ်ဘဲ အရမ်းကိုရင့်ကျက်တဲ့ စိတ်ဓာတ်ကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာလည်း သူက ဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ သူက ကျွန်တော်တို့အသင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်သလို ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ်လည်း ဆက်ရှိနေပါမယ်"ဟု ပြောကြားခဲ့သည်။

အန်ဆယ်လော့တီသည် ပြီးခဲ့သည့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ပြသခဲ့သည့် ဘယ်လင်ဂမ်၏ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုများနှင့် ပတ်သက်၍လည်း "ဒါက ကျွန်တော့်တစ်ဦးတည်းအမြင် ဖြစ်ပါတယ်။ ကျွန်တော့်အမြင်မှာတော့ ယူရိုပြိုင်ပွဲမှာ သူကစားခဲ့တဲ့ ခြေစွမ်းက အရမ်းအရမ်းကို ကောင်းမွန်ပါတယ်။ အင်္ဂလန်အသင်းကစားတာလည်း အရမ်းကောင်းပြီး သူတို့အသင်းက ဗိုလ်လုပွဲ အဆင့်အထိလည်း တက်ရောက်နိုင်ခဲ့ပါတယ်။ သူ့အပေါ် လူတွေ ဘာကြောင့်ဝေဖန်နေကြသလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး။ သူက ပြိုင်ပွဲတစ်ခုလုံးရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ်လည်း သက်သေပြနိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော့်တစ်ဦးတည်းအမြင်ပါပဲ" ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent