လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးအချို့ ဖမ်းဆီးခံထားရ

လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးအချို့ ဖမ်းဆီးခံထားရ
Published 5 August 2024

လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးအချို့အား MNDAA နှင့်ပူးပေါင်းအဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့်  ဆက်သွယ်မှုပြတ်တောက်နေပြီး အတည်ပြုဆဲသတင်းများအရ အရာရှိကြီးအချို့ ဖမ်းဆီးခံထားရဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က သြဂုတ် ၄ ရက်ညပိုင်းတွင် သတင်းမီဒီယာများကို ပြောကြားသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် သြဂုတ် ၃ ရက် ည ၆ နာရီခွဲအချိန်ထိ ဆက်သွယ်မှုရရှိခဲ့ပြီး ယခုအချိန်ထိ ဆက်သွယ်မှုပြတ်တောက်ခဲ့ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကဆိုသည်။

“အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များအနေနဲ့ ရန်သူကိုအစွမ်းကုန်ခုခံခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံအစွမ်းကုန်တိုက်ပွဲဝင်ခဲ့ကြပါ။ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်တွေမှာ မိသားစုဝင်အမျိုးသမီးများ၊ ကလေးငယ်များ၊ အရပ်သားများပါရှိနေတာဖြစ်လို့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထိန်းသိမ်းဆောင်ရွက်ခဲ့ရတာရှိပါတယ်။ အချို့သောရဲမေများဟာ စစ်သည်များနဲ့ တန်းတူမဆုတ်တမ်း တိုက်ပွဲဝင်ခဲ့ပါတယ်။ ရဲမေများ မှီခိုသူမိသားစုဝင်များလည်း သေဆုံးခဲ့ရပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများဟာ တိုက်ပွဲကို အနီးကပ်ကွပ်ကဲပြီး ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနဲ့ သြဂုတ် ၃ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲအချိန်ထိ ဆက်သွယ်မှုရရှိခဲ့ပြီး ယခုအချိန်ထိ ဆက်သွယ်မှုပြတ်တောက်ခဲ့ပါတယ်။ အတည်ပြုဆဲသတင့းများအရ အရာရှိကြီးအချို့ကို အကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီးထားကြောင်းသိရှိရပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ ရဲမေအားလုံးရဲ့ တိုင်းစစ်ဌာနချုပ်၊ လားရှိုးနယ်မြေ၊ တပ်မတော်နဲ့ အမိနိုင်ငံတော်ကို တတ်စွမ်းသမျှ ရွပ်ရွပ်ချွံချွံ ကာကွယ်ခဲ့တာကို အသိအမှတ်ပြုလေးစားပါတယ်။ နိုင်ငံတော်အစိုးရ တပ်မတော်အနေနဲ့ ရဲဘော်တို့အပေါ် ရဲဘော်စိတ်အပြည့်နဲ့ နိုင်ငံတော်နဲ့ပြည်သူအတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

MNDAA ပူးပေါင်းအဖွဲ့သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ပတ်သက်သည့် သဘောတူညီချက်ကိုချိုးဖောက်၍ ဇူလိုင် ၃ ရက်တွင် လားရှိုးကိုစတင်တိုက်ခိုက်ခဲ့ကြောင်း၊ စတင်တိုက်ခိုက်စဉ်ကတည်းက စစ်ရေးနှင့်မဆိုင်သည့် သာမန်အရပ်သားပြည်သူများနေထိုင်သည့် နေရာများကို ရှော့တိုက်ဒုံးများနှင့် Drop Bomb များ ရာနှင့်ချီပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သာမန်အရပ်သားပြည်သူ ရာနှင့်ချီသေဆုံးကြောင်း၊ ထိုသို့တိုက်ခိုက်ရာတွင် စိတ်ကိုပြောင်းလဲစေသည့် မူးယစ်ဆေးများသုံးစွဲပြီး တိုက်ခိုက်ခဲ့သည်ကိုတွေ့ရကြောင်း၊ သြဂုတ် ၂ ရက်တွင် တိုင်းစစ်ဌာနချုပ်အနီးက တပ်မတော်ဆေးရုံကို ဝင်ရောက်တိုင်ခိုက်ခဲ့ကြောင်းနှင့် အချို့လူနာများကို သတ်ဖြတ်ခဲ့ပြီး အချို့ကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း ၎င်းက ပြောကြားသည်။

လားရှိုးရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ကို သြဂုတ် ၃ ရက် မွန်းလွဲပိုင်းတွင် သိမ်းပိုက်ရရှိကြောင်း MNDAA က ဓာတ်ပုံများ ထုတ်ပြန်လာပြီး Exile မီဒီယာများတွင်လည်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့သည်။

ထို့ပြင် ဩဂုတ် ၄ ရက် ညနေပိုင်းတွင် လူမှုကွန်ရက်အပါအဝင် သတင်းများ၊ ပျံ့နှံ့ထွက်ပေါ်လာသော ဓာတ်ပုံနှင့် အချက်အလက်များအရ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ စကခမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့လည်း ဖမ်းစီးခံရမှုအတွင်း ပါဝင်နေကြောင်း အတည်မပြုနိုင်သော သတင်းများအရ သိရှိရသည်။

မြောက်ပိုင်းသုံးဖွဲ့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်၍ ၁၀၂၇ စစ်ဆင်ရေးဟု အမည်ပေးထားသည့် စစ်ဆင်ရေးကိုပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြီးငယ်များဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံက ရှမ်းမြောက်တိုက်ပွဲများအား နယ်စပ်ဒေသတည် ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် အမြန်ဆုံးအပစ်အခတ်ရပ်စဲပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းခဲ့ပြီးနောက် ၎င်းတို့၏ကြားဝင်ဆောင်ရွက်မှုဖြင့် နစက၏ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့သည် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နောက် ၂၀၂၄ ဇန်နဝါရီလအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကာ ၎င်းတို့သိမ်းပိုက်ခဲ့သည့် မြို့များကိုလည်း ထိန်းချုပ်ခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ပြန်စသည်ဟု ဆိုကာ TNLA အဖွဲ့က မိုး ကုတ်၊ နောင်ချို၊ သီပေါတစ်ဝိုက်တွင်လည်း ကောင်း၊ TNLA နှင့်ပူးပေါင်းထားသည့် MDY PDF က မတ္တရာ-စဉ့်ကူးတွင်လည်းကောင်း လုံခြုံရေးစခန်းများတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ဇူလိုင် ၃ ရက်တွင် MNDAA အဖွဲ့နှင့် ပူးပေါင်းအဖွဲ့က အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ) တည်ရှိရာ လားရှိုးမြို့အနီးတစ်ဝိုက်ရှိ တပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုများပြုလုပ်ရာတွင် MNDAA အဖွဲ့နှင့် ပူးပေါင်းအဖွဲ့က လားရှိုးမြို့ တွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုများဆက်တိုက်ပြုလုပ်ခဲ့သဖြင့် ရှော့တိုက်ဒုံးများ လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားများသေဆုံးမှုရှိလာသည့်နောက်တွင် ဒေသခံများသည် လားရှိုးမြို့မှ ဘေးလွတ်ရာဒေသများသို့ တိမ်းရှောင်ခဲ့ရပြီး လားရှိုးမြို့တွင် ဒေသခံ ၉၀ ရာခိုင်နှုနိး‌ကျော်သည် စစ်ဘေးရှောင်ခဲ့ရသည်။

ဇူလိုင် ၁၄ ရက်တွင် MNDAA အဖွဲ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကျင်းပမည့် လေးရက်တာကာလတွင် အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် စိုးရိမ်မှုအပေါ်လေးစားခြင်းအား ဇူလိုင် ၁၄ ရက်မှ ဇူလိုင် ၁၈ ရက်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။

ထို့ပြင် MNDAA အဖွဲ့က တရုတ်နိုင်ငံ၏ချက်ချင်းအပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲများရပ်တန့်ရေးတောင်းဆိုချက်ကို တက်ကြွစွာတုံ့ပြန်ရန်ဟုဆိုကာ ဇူလိုင် ၁၉ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ထပ်မံအပစ်အခတ်ရပ်စဲမည်ဟု ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ အပစ်အခတ်ရပ်စဲကြောင်း MNDAA အဖွဲ့က ကြေညာခဲ့သော်လည်း တစ်ဖက်တွင် ၎င်းတို့သည် လားရှိုးမြို့ရှိ တပ်စခန်းကို အပြင်းအထန်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ပြီး သြဂုတ် ၃ ရက်တွင် ရမခအား သိမ်းပိုက်ရရှိကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

Most Read

Most Recent