အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသည့် တိုက်စစ်မှူး အယ်လ်ဗာရက်ဇ် အသင်းထံပြန်လာလိမ့်မည်ဟု ယုံကြည်ကြောင်း ဂွါဒီယိုလာ ပြောကြား

အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသည့် တိုက်စစ်မှူး အယ်လ်ဗာရက်ဇ် အသင်းထံပြန်လာလိမ့်မည်ဟု ယုံကြည်ကြောင်း ဂွါဒီယိုလာ ပြောကြား
Photo : Getty Images
Photo : Getty Images
Published 5 August 2024

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသည့် အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်သည် အသင်းထံ ပြန်လာလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အယ်လ်ဗာရက်ဇ်သည် မန်စီးတီးအသင်းတွင် နော်ဝေတိုက်စစ်မှူး ဟာလန်း၏နောက် ဒုတိယဦးစားပေးကစားသမားအဖြစ်သာ ရပ်တည်နေရသည့်အတွက် လမ်းခွဲတော့မည်ဟု ထင်ကြေးပေးခံနေရသူဖြစ်ပြီး အက်သလက်တီကိုအသင်း ထံပြောင်းရွှေ့ရန် နီးစပ်နေပြီဟုလည်း သတင်းထွက်ခဲ့သည်။

အယ်လ်ဗာရက်ဇ်(၂၄ နှစ်)သည် ယခုနွေရာသီတွင် အာဂျင်တီးနားလက်ရွေးစင်အသင်းနှင့်အတူ ကိုပါအမေရိကပြိုင်ပွဲ ဆင်နွှဲခဲ့ပြီးနောက် အာဂျင်တီးနားယူ-၂၃ အသင်းနှင့်အတူပါရီအိုလံပစ်ပြိုင်ပွဲ ဆက်လက်ဆင်နွှဲခဲ့သူဖြစ်သည်။

အာဂျင်တီးနားယူ-၂၃ အသင်းသည် ပါရီအိုလံပစ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရသော်လည်း အယ်လ်ဗာရက်ဇ်အနေဖြင့် အားလပ်ရက်ရရှိထားသောကြောင့် မန်စီးတီးအသင်းနှင့် ပူးပေါင်းရခြင်းမရှိသေးပေ။

၎င်းအနေဖြင့် ကွန်မြူနတီဒိုင်းပွဲကိုပင် လွဲချော်မည်ဖြစ်ပြီး ပရီးမီးယားလိဂ်ရာသီသစ်စတင်ခါနီးမှသာ မန်စီးတီးအသင်းနှင့် ပြန်လည်ပူးပေါင်းဖွယ်ရှိကြောင်း သိရသည်။

သို့ရာတွင် ကြားကာလအတွင်း အပြောင်းအရွှေ့ ဖြစ်မြောက်သွားခဲ့ပါက မန်စီးတီးအသင်းသို့ ပြန်ရောက်နိုင်ဖွယ်မရှိသည့်အခြေအနေ ဖြစ်နေသဖြင့် ဂွါဒီယိုလာက အသင်းထံ ပြန်လာလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"သူက ကျွန်တော်တို့ရဲ့ ကစားသမားအဖြစ် အပြည့်အဝရှိနေတုန်းပါပဲ။ ဘာသတင်းမှလည်း မရှိပါဘူး။ ကျွန်တော့်မှာ တခြားဘာမှပြောစရာလည်း မရှိပါဘူး။ သူ ပြန်လာမှာပါ။ သတင်းထဲမှာ သူပြောခဲ့တယ်ဆိုရင် လည်း ဆုံးဖြတ်ချက်ကို အတူချမှတ်ရမှာပါ။ အခု သူ အနားယူနေပါတယ်။ ပြန်လာဖို့ အဆင်သင့်ဖြစ်ပြီလို့ ခံစားရရင်သူ ပြန်လာပါလိမ့်မယ်။ သူ ပြန်လာတဲ့အခါ သေချာတာကတော့ ကျွန်တော် သူ့ကို ကိုပါအမေရိကပြိုင်ပွဲနဲ့ အိုလံပစ်ပြိုင်ပွဲအတွက် ပွေ့ဖက်ဂုဏ်ပြုမှာပါ။ ပြီးတော့ အလုပ်အတူတူ တွဲလုပ်ကြမှာပါ။ ဒါ အမှန်တရားပါပဲ"ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

တိုက်စစ်မှူးအဖြစ်သာမက ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ်ပါ ကစားနိုင်သော အယ်လ်ဗာရက်ဇ်ကို အက်သလက်တီကိုအသင်းအပြင် ပြင်သစ်ထိပ်သီး PSG၊ ပရီးမီးယားလိဂ်ပြိုင်ဘက်များဖြစ်သည့် အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

ထို့ပြင် အယ်လ်ဗာရက်ဇ်၏ အေးဂျင့်များမှာလည်း  ယခုရက်သတ္တပတ်အတွင်း ခေါ်ယူရန် စိတ်ဝင်စားနေသည့် ကလပ်အသင်းများနှင့် တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

မန်စီးတီးအသင်းသည် အယ်လ်ဗာရက်ဇ်ကို ရောင်းထုတ်လိုခြင်းမရှိသော်လည်း ကစားသမားကသာ အသင်းမှထွက်ခွာရန် အမှန်တကယ်ဆန္ဒရှိခဲ့ပါက ပြောင်းရွှေ့ကြေး ယူရိုသန်း(၈၀)ဝန်းကျင်ဖြင့် ရောင်းထုတ်ဖွယ်ရှိကြောင်း သိရသည်။ အယ်လ်ဗာရက်ဇ်သည် စပိန်သို့ ပြောင်းရွှေ့ကစားရန် ပိုမိုစိတ်အားထက်သန်နေကြောင်း သိရသည်။

Most Read

Most Recent