■ မိုးကုတ်မြို့တစ်မြို့လုံးအား ထိန်းချုပ်ထားနိုင်ပြီဟု TNLA ဆို

■ မိုးကုတ်မြို့တစ်မြို့လုံးအား ထိန်းချုပ်ထားနိုင်ပြီဟု TNLA ဆို
Published 24 July 2024

■ မိုးကုတ်မြို့တစ်မြို့လုံးအား ထိန်းချုပ်ထားနိုင်ပြီဟု TNLA ဆို

■ ဖုန်းနှင့် အင်တာနက်လိုင်းများ အဆက်အသွယ်ပြတ်တောက်နေသည့်အတွက် တိုက်ပွဲအခြေအနေများ အတည်ပြုချက်ရယူရန် ခက်ခဲနေ

 

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တစ်မြို့လုံးအား ဇူလိုင် ၂၄ ရက်တွင် ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း TNLA နှင့် Exile မီဒီယာအချို့တွင် ဖော်ပြထားချက်အရသိရသည်။

လက်ရှိတွင် မိုးကုတ်မြို့တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ အဆက်အသွယ်ပြတ်တောက်နေသည့်အတွက် တိုက်ပွဲအခြေအနေများ အတည်ပြုချက်ရယူရန် ခက်ခဲလျက်ရှိသည်။

ဇူလိုင် ၂၄ ရက်တွင် မိုးကုတ်မြို့အရှေ့ပိုင်းရှိ တပ်မတော်ဗျူဟာကုန်းတွင် ညနေ ၄ နာရီအထိ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု သိရပြီး နောက်ပိုင်းအခြေအနေကို အတိအကျသိရှိနိုင်ရန် ဆက်သွယ်မှုပြတ်တောက်နေသဖြင့် တပ်မတော်ဗျူဟာကုန်းတွင် ဖြစ်ပွားသော တိုက်ပွဲအခြေအနေနှင့် TNLA က သိမ်းပိုက်ရရှိခြင်း ရှိ မရှိကို သီးခြားအတည်မပြုနိုင်သေးပေ။

မိုးကုတ်မြို့တွင် ဇူလိုင် ၂၄ ရက်ညပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုနှင့် တိုက်ပွဲများဆက်ရှိနေသည်ဟုလည်း သတင်းများထွက်ပေါ်နေမှုအရ သိရသည်။

မိုးကုတ်မြို့မှ  စစ်ရှောင်လာသူတစ်ဦးက “မိုးကုတ်က ဖုန်းလိုင်းဖြတ်ထားဆဲဖြစ်တော့ ဖုန်းဆက်ရဖို့လည်း လမ်းမရှိသေးဘူး။ မိုးကုတ်ထဲက ဘယ်သူမှ ဖုန်းဆက်မရတဲ့အပြင် လိုင်းပေါ်မှာ မရှိဘူး။ အခုတစ်ခြားက ကြားရတာ ပေါင် 500 တစ်လုံး ကြဲတယ်ဆိုလား။ မင်းတံတား ကားကြီးဝင်းဘက်လို့ ပြောတယ်’’ ဟု Eleven Media သို့ ပြောကြားသည်။ 

မိုးကုတ်မြို့ရှိ တပ်မတော်စခန်းအားလုံးကို ညနေ ၅ နာရီတွင် အပြီးရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည်ဟု ဇူလိုင် ၂၄ ရက် ညပိုင်းတွင် TNLA က ထုတ်ပြန်ခဲ့သလို Exile မီဒီယာအချို့တွင်လည်း မိုးကုတ်ဗျူဟာကုန်းအား သိမ်းပိုက်ရရှိခဲ့သည်ဟု TNLA ဘက်က ပြောကြားထားသည်ကို တွေ့ရသည်။

ထို့ပြင် မိုးကုတ်မြို့တိုက်ပွဲများတွင် TNLA နှင့်အတူ ပါဝင်ခဲ့သည့် MDY PDF အဖွဲ့ဝင်များ မော်တော်ယာဉ်များဖြင့် လှည့်လည်နေသည့်ပုံများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ 

သို့သော်လည်း ထွက်ပေါ်လျက်ရှိသော ပုံအချို့မှာ မိုးကုတ်အနောက်ဖက်ပိုင်းမှ ပုံများဖြစ်သည်ဟုလည်း လူမှုကွန်ရက်တွင် ပြောဆိုမှုများ ရှိနေသည်။

၂၀၂၄ ခုနှစ် ဇွန် ၂၇ ရက်က စတင်ကာ ၁၀၂၇ စစ်ဆင်ရး ဒုတိယပိုင်း ပြန်စသည်ဆိုကာ TNLA အဖွဲ့က မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွင်လည်းကောင်း၊ TNLA နှင့်ပူးပေါင်းထားသည့် MDY PDF က မတ္တရာ-စဉ့်ကူးတွင်လည်းကောင်း၊ ဇူလိုင် ၃ ရက်က စတင်၍  MNDAA အဖွဲ့က လားရှိုးမြို့အနီးရှိ တပ်မတော်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၂၄ ရက်အထိ ယင်းဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ 

TNLA အဖွဲ့သည် မိုးကုတ်မြို့ရှိ ရဲစခန်း၊ လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိုးကုတ်မြို့ အနောက်ပိုင်း (ကျပ်ပြင်) အား ဇွန် ၃၀ ရက်တွင် ထိန်းချုပ်နိုင်ခဲ့ပြီး ယခု ဇူလိုင် ၂၄ ရက်တွင် မိုးကုတ်အရှေ့ပိုင်းအား ထပ်မံထိန်းချုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

၁၀၂၇ ခုနှစ် ဒုတိယပိုင်းအစတွင် TNLA အဖွဲ့သည် ကျောက်မဲမြို့နှင့် နောင်ချိုမြို့ထဲသို့ ဝင်ရောက်နေရာရယူနိုင်ခဲ့သော်လည်း အဆိုပါမြို့များရှိ တပ်မတော်၏ ပင်မတပ်စခန်းများကို သိမ်းယူနိုင်ခြင်းမရှိသဖြင့် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီး တပ်မတော်က လေကြောင်းပစ်ကူများဖြင့် ပြန်လည်တိုက်ခိုက်မှုများရှိခဲ့သည်။ 

ထို့နောက် ဇူလိုင် ၁၀ ရက်တွင် နောင်ချိုမြို့ရှိ ဒုံးတပ်ရင်းသည် ဆုတ်ခွာပေးလိုက်သဖြင့် TNLA က နောင်ချိုမြို့အား ၎င်းတို့ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ယင်းနေ့၌ပင်ကြေညာခဲ့သည်။ 

ကျောက်မဲမြို့နှင့် နောင်ချိုမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ယင်းမြို့နယ်ဧရိယာများရှိ ကျေးရွာများဘက်တွင် တပ်မတော်နှင့် TNLA အကြား တိုက်ပွဲများဖြစ်ပွားဆဲဖြစ်သည်။