ဘီယွန်းဆေးက ၎င်း၏ Freedom သီချင်းအား ကမ်မလာဟဲရစ်၏ ဒီမိုကရက်တစ်ပါတီ မဲဆွယ်ပွဲများတွင် အသုံးပြုခွင့်ပြု

ဘီယွန်းဆေးက ၎င်း၏ Freedom သီချင်းအား ကမ်မလာဟဲရစ်၏ ဒီမိုကရက်တစ်ပါတီ မဲဆွယ်ပွဲများတွင် အသုံးပြုခွင့်ပြု
Photo:Clutch Points
Photo:Clutch Points
Published 23 July 2024

အဆိုတော်ဘီယွန်းဆေးက အမေရိကန် ဒုတိယမ္မတလည်းဖြစ် ၊ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းနေရာအတွက် အလားအလာ အကောင်းဆုံးသူလည်းဖြစ်နေသည့် ကမ်မလာဟဲရစ်အား မဲဆွယ်စည်းရုံးပွဲများတွင် ၎င်း၏ Freedom သီချင်းကို အသုံးပြုခွင့်ပေးထားသည်။

၂၀၂၄ သမ္မတရွေးကောက်ပွဲမှ နုတ်ထွက်ကြောင်း ဂျိုးဘိုင်ဒင်ကြေညာလိုက်ပြီး နောက်တစ်နေ့ ဇူလိုင် ၂၂ ရက်၌ ကမ်မလာက လူထုရှေ့ထွက်လာရာတွင် Freedom သီချင်းကို စသုံးနေပြီဖြစ်သည်။ထိုသီချင်းကို ကမ်မလာ မဲဆွယ်ပွဲတက်ရောက်သည့်အခါများတွင်သုံးရန် ဘီယွန်းဆေးထံမှ ခွင့်ပြုချက်ယူပြီးမှ သုံးခြင်းဖြစ်သည်ဟုလည်း CNN သတင်းတစ်ရပ်က ဖော်ပြသည်။

သီချင်းယူသုံးမှု စည်းမျဉ်းစည်းကမ်းများ  တင်းကြပ်မှုတွင် နာမည်ကြီးသည့် ဘီယွန်းဆေးက ဇူလိုင် ၂၂ ရက်တွင် Freedom သီချင်းအသုံးပြုခွင့်ကို ကမ်မလာမဲဆွယ်ရေးအဖွဲ့က တောင်းခံလာသည့်အခါ  အမြန်အဆန်ပင်ခွင့်ပြုလိုက်သည်ဟုလည်း  CNN သတင်းက ဆိုသည်။ထို့နောက် ဇူလိုင် ၂၂ ရက်ညတွင်  ကမ်ပိန်းရုံးချုပ်၌ ကမ်မလာက ထိုသီချင်းဖြင့် ပေါ်ထွက်လာခဲ့သည်။

ပါတီသမ္မတလောင်းနေရာအတွက် ဂျိုးဘိုင်ဒင်နှင့် ဟီလာရီကလင်တို့ ထောက်ခံထားသည့် ကမ်မလာအား ဘီယွန်းဆေးက တရားဝင်ထောက်ခံမှုမပြသသော်လည်း ၊ မဲဆွယ်ရေးသီချင်းအဖြစ် ၎င်း၏သီချင်းကို အသုံးပြု ခွင့်ပေးခြင်းက ထောက်ခံသည့်သဘောနှင့် အတူတူပင်ဖြစ်သည်။

သို့သော်ဘီယွန်းဆေး၏မိခင် တီနာနိုးစ်က ဂျိုးဘိုင်ဒင်ရွေးကောက်ပွဲမပြိုင်တော့သည့် ကြေညာချက်ထွက်သည့်နေ့မှာပင် ကမ်မလာနှင့်၎င်းတွဲရိုက်ထားသည့်ဓာတ်ပုံကို အင်စတာဂရမ်တွင်တင်ကာ ထောက်ခံမှုကိုပြခဲ့သည်။

ဘီယွန်းဆေးသည်  ၂၀၁၃ ခုနှစ်က အိုဘားမား သမ္မတအဖြစ်ကျမ်းကျိန်ပွဲတွင် နိုင်ငံတော်သီချင်း သီဆိုပေးခဲ့သည်။ ၂၀၁၆ ခုနှစ် က ဟီလာရီကလင်အတွက် ရွေးကောက်ပွဲအကြို ဖျော်ဖြေပွဲတွင်လည်း ဘီယွန်းဆေးနှင့် ခင်ပွန်းဂျေဇီးတို့ ပါဝင်ခဲ့သည်။“အမျိုးသမီးတစ်ဦးက အမေရိကန်ကိုဦးဆောင်နေတာကို  ကျွန်မသမီးလေးမြင်ခွင့်ရပြီး ကြီးပြင်းစေချင်တယ်”ဟုလည်း ထိုစဉ်ဘီယွန်းဆေးက ပြောခဲ့သည်။

၂၀၂၀ ခုနှစ်တွင် ဘီယွန်းဆေးသည်  ဂျိုးဘိုင်ဒင်နှင့်ကမ်မလာဟဲရစ်ကို ထောက်ခံခဲ့ပြီး ဘိုင်ဒင်ကျမ်းသစ္စာကျိန်ဆိုပွဲတွင်မူ လေဒီဂါဂါနှင့် ဂျနီဖာလိုပတ်ဇ်တို့ ပါဝင်သီဆိုပေးခဲ့ကြသည်။

Most Read

Most Recent