KNPP၊ KNDF နှင့် PDF များကြောင့် ပျက်စီးခဲ့ရသည့် လွိုင်ကော်မြို့တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး တက္ကသိုလ်နှင့် စာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း နစက ထုတ်ပြန်

KNPP၊ KNDF နှင့် PDF များကြောင့် ပျက်စီးခဲ့ရသည့် လွိုင်ကော်မြို့တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး တက္ကသိုလ်နှင့် စာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း နစက ထုတ်ပြန်
Published 14 July 2024

KNPP၊ KNDF နှင့် PDF များကြောင့် ပျက်စီးခဲ့ရသည့် လွိုင်ကော်မြို့တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး တက္ကသိုလ်နှင့် စာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

KNPP၊ KNDF နှင့် PDF အဖွဲ့များသည် ကယားပြည်နယ်အတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်ရည်ရွယ်၍ ပြည်နယ်အစိုးရရုံးစိုက်ရာ လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်တစ်ဝိုက်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှစတင်ကာ လူနေအဆောက်အဦများနှင့် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူ၍ လုပ်ရပ်မျိုးစုံကို လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်သည့် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ အခမ်းအနား ကျင်းပနေစဉ်အတွင်း လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူအချို့ ထိခိုက်သေဆုံးခဲ့ရကြောင်း နစကမှ ထုတ်ပြန်သည်။

ထို့ပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့၌ KNPP၊ KNDF နှင့် PDF အဖွဲ့များသည် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်မဟုတ်သည့် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပညာရေးဝန်ထမ်းအချို့နှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ အချို့အား ဖမ်းဆီးခေါ်ဆောင်ခဲ့ကြသလို လွိုင်ကော်ဒေသအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီမော့ဆိုမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်၊ စခန်းများအား ဇန်နဝါရီ ၂၆ ရက်တွင် ဝင်ရောက်တိုက်ခဲ့ပြီး မြို့နှင့် အနီးပတ်ဝန်းကျင်အတွင်း ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လူနေအိမ်အဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦများအား အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်သည့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

အဆိုပါအဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းစစ်ဆင်ရေး(Counte- Terrorism Operation)ကို ဇန်နဝါရီ ၂၉ ရက်မှစ၍ ဆောင်ရွက်ခဲ့ရာ ဆီဆိုင်-လွိုင်ကော် လမ်းကြောင်း(၄၂ မိုင်)အား မေ ၂၉ ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ၎င်းအဖွဲ့များနှင့်ထိတွေ့တိုက်ပွဲများ (၈၇)ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ လွိုင်ကော်မြို့ လုံခြုံရေးနှင့် လေယာဉ်ကွင်းအား အဓိကနှောက်ယှက်မှုပြုလုပ်ခဲ့ရာ စက်မှုဇုန်နယ်မြေနှင့် နာနတ်တောရပ်ကွက်တို့အား ဇွန် ၁၄ ရက်တွင် လိုအပ်သည့် လုံခြုံရေးကိစ္စများ ဆောင်ရွက်နိုင်ခဲ့ပြီး သောင်းကျန်းသူများကြောင့် ပျက်စီးခဲ့ရသည့် မြို့၊ ရွာများအတွင်း အပျက်အစီးများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ကို ဇွန် ၁၅ ရက်တွင် နစကမှ ထုတ်ပြန်ထားသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် လွိုင်ကော်မြို့အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိသည့် နေရာများအား ဇွန် ၁၆ ရက်မှစ၍ ဆက်လက်ဆောင်ရွက်ခဲ့ရာ နာနတ်တောရပ်ကွက်၊ နောင်ယား( က)ရပ်ကွက်၊ တေးငှားလျားရပ်ကွက်၊ တောင်ကွဲစေတီ၊ စိန့်မာတင်ဘုရားကျောင်း၊ ယဉ်ကျေးမှုပြတိုက်၊ စက်မှုလက်မှုသိပ္ပံကျောင်း၊ ပြည်နယ်အစိုးရရိပ်သာ၊ ပြည်နယ်အဆင့်ဝန်ကြီးဌာနရုံးများနှင့် အရေးကြီးအဆောက်အဦများ၊ လွိုင်ကော်လေဆိပ် အပါအဝင် ဇူလိုင် ၁၁ ရက်တွင် လွိုင်ကော်တက္ကသိုလ် တစ်ခုလုံးကိုလည်း ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ကာ လွိုင်ကော်မြို့အတွင်းရှိ စာသင်ကျောင်းများအနက် အချို့သောကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်းနှင့် တက္ကသိုလ်များ၊ စာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

အစိုးရနှင့် တပ်မတော်အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိစဉ် မြို့ရွာများအား ထိခိုက်ပျက်စီးစေလိုသည့် လက်နက်ကိုင်အဖွဲ့များသည် ဇူလိုင် ၄ ရက်က လွိုင်ကော်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ လောဓမ္မရပ်ကွက်၊ နမ့်ဘောဝမ် (က)ရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက်၊ ကျောက်တောင်ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ တစ်ဦး သေဆုံးခဲ့ရကာ ကလေးငယ် လေးဦး အပါအဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ရကြောင်း နစကမှ ထုတ်ပြန်သည်။

တပ်မတော်စစ်ကြောင်းများက လွိုင်ကော်မြို့နှင့် အနီးပတ်ဝန်းကျင်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်ပြီးသည့်အချိန်၌ ဒေသခံပြည်သူများ အပါအဝင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခြင်းတို့ကို ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ (ဇူလိုင် ၁၃ ရက်)နံနက်ပိုင်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ် တို့က တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

လက်ရှိတွင် ကယားပြည်နယ်၊ လွိုင်ကော်ဒေသသည် အစိုးရနှင့် တပ်မတော်တို့၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ပုံမှန်အခြေအနေအတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများ အဆက်မပြတ် ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိပြီဖြစ်ကြောင်းနှင့် လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

Most Read

Most Recent