အဟောင်းတွေနဲ့ ဘဝတွေ

အဟောင်းတွေနဲ့ ဘဝတွေ
ဓာတ်ပုံ-မျိုးထက်ပိုင်
ဓာတ်ပုံ-မျိုးထက်ပိုင်
Published 28 October 2018
ထက်လူအောင်

 

မနက်ခင်းရဲ့ နေရောင်အောက်မှာ တွန်းလှည်းလေးနှစ်စီးကို လှမ်းမြင်လိုက်ရပါတယ်။ မြေသားလမ်းလေးပေါ်ကနေ မြို့ထဲကိုရောက်တဲ့ ကတ္တရာလမ်းမဆီကို သူတို့ လာနေကြတာပါ။ မြို့လေးဆီကို သူတို့သွားနေကြတာပါ။ တွန်းလှည်းလေးနှစ်စီးကို ရပ်ကွက်လေးရဲ့ မြေသားလမ်းပေါ်မှာ မြင်တွေ့နေရတာ အတော်ကြာပါပြီ။ ဘီးသုံးဘီးနဲ့ တွန်းလှည်းလေးတွေပေါ့။ တွန်းလှည်းလေးတွေရဲ့ ဘီးတွေဟာ တရုတ်ဆိုင်ကယ်တွေမှာပါတဲ့ ဘီးတွေနဲ့ အတူတူပါပဲ။ ဆိုင်ကယ်အဟောင်းတွေက ဘီးတွေကို တွန်းလှည်းမှာ သုံးထားတာပေါ့။ တွန်းလှည်းတွေကို တွန်းလာတဲ့ သူတွေကလည်း ပုံစံတူတွေ။ ပိန်လှီလှတဲ့ ခန္ဓာကိုယ်ရှိတဲ့ အမျိုးသားနှစ်ဦး။ နှစ်ဦးစလုံးရဲ့ အသက်တွေက ၄၀ ကျော် ၅၀ လောက်ရှိလောက်မယ် ထင်တယ်။ ပွရောင်းနေတဲ့ဆံပင်၊ ညစ်နွမ်းတဲ့ အဝတ်အစား ကိုယ်စီနဲ့ပေါ့။ သူတို့ဟာ ကောက်တိုအလုပ်ကို လုပ်ကြတယ်တဲ့။ အရင် ကျွန်တော်သိခဲ့တာက ကောက်တိုအလုပ်ဆိုတာ ကလေးတွေပဲ လုပ်တယ်လို့ သိခဲ့တာပါ။ လူကြီးတွေကသာ ဒန်အိုးဒန်ခွက်တို့ သံတိုသံစတို့ ပုလင်းခွံတွေဘာတွေ လိုက်ဝယ်တဲ့အလုပ်ကိုလုပ်ကြတာ မဟုတ်လား။ ‘ဒန်တွေ ဝယ်တယ်၊ ကြေးတွေဝယ်တယ်’ လို့အော်တဲ့အသံတွေဟာ ကျွန်တော်တို့နားတွေနဲ့ ရင်းနှီးပြီးသားပဲ မဟုတ်လား။

အခု တွန်းလှည်းလေးနှစ်စီးကတော့ တစ်မြို့လုံးကိုပတ်ပြီး ရေသန့်ဘူးခွံ၊ အရက်ဘီယာပုလင်းခွံ၊ ကော်ခွက်ဒန်ခွက်အဟောင်းတွေ ကောက်ကြတာပါ။ ဒီတွန်းလှည်းလေး နှစ်စီးရဲ့ ထူးခြားချက်က တွန်းလှည်းတွေပေါ်မှာ လေးငါးနှစ်အရွယ် ကလေးနှစ်ဦးပါတာပါပဲ။ ကလေးလေးတွေက မိန်းကလေးတွေပါ။ တွန်းလှည်းလေးတွေပေါ်မှာ ထိုင်ပြီးလိုက်လာတာပါ။ တွန်းလှည်းတွန်းသူနှစ်ဦးရဲ့ သမီးလေးတွေပေါ့။ တွန်းလှည်းနှစ်စီးရဲဲ့နောက် မလှမ်းမကမ်းမှာတော့ အမျိုးသမီးနှစ်ဦးဟာ လမ်းဘေးမှာရှိတဲ့ ရေသန့်ဘူးခွံ၊ ဘီယာဘူးခွံတွေနဲ့ အိမ်တွေက စွန့်ပစ်ထား၊ ပစ်ထားတဲ့ ကော်ခွက် ဒန်ခွက်အဟောင်းတွေကို ကောက်ရင်း နောက်ကနေ လိုက်လာပါတယ်။ အဲဒီအမျိုးသမီးတွေက တွန်းလှည်းတွန်းသူတွေရဲ့ ဇနီးတွေပဲဖြစ်ပါတယ်။ ရှေ့က တွန်းလှည်းနှစ်စီးဟာ အရိပ်ရတဲ့နေရာရောက်ရင် ခဏနားပြီး နောက်ကအမျိုးသမီးနှစ်ယောက်ကို စောင့်နေပါတယ်။ နားလိုက် တွန်းလိုက်ကောက် လိုက်နဲ့ပဲ တွန်းလှည်းလေးနှစ်စီးဟာ ကျွန်တော်တို့မြို့လေးရဲ့ နေရာအနှံ့ကို ရောက်ရှိနေတော့တာပေါ့။

တွန်းလှည်းလေးနှစ်စီးရဲ့ ပိုင်ရှင်တွေနဲ့ မျက်မှန်းတန်းမိတဲ့အခါ စကားပြောကြည့်မိပါတယ်။ တွန်းလှည်းလေးတွေကို ကောက်တို ပစ္စည်းဝယ်တဲ့ဒိုင်က ထုတ်ပေးထားတာတဲ့။ တွန်းလှည်းထုတ်ပေးထားတဲ့ဒိုင်မှာပဲ ကောက်လို့ရတဲ့ပစ္စည်းတွေကို ပြန်သွင်းရတာတဲ့။ တစ်နေ့တစ်နေ့ကိုတော့ ၅၀၀၀၊ ၆၀၀၀ လောက် ရတတ်ပါတယ်တဲ့။ ပစ္စည်းများများကောက်ရတဲ့နေ့တွေဆို ငွေ ၈၀၀၀၊ ၉၀၀၀ ရတယ်တဲ့။ တစ်နေ့ထမင်းစားဖို့တော့ ရပါတယ်တဲ့။ အရင်းအနှီးမရှိတဲ့ သူတို့အတွက်၊ အရက်စွဲနေတဲ့ သူတို့အတွက် ဒီအလုပ်က အဆင်ပြေလို့ပါတဲ့။ ကျွန်တော်တို့ ရပ်ကွက်လေးရဲ့ တစ်လမှ ကျပ် ၁၀၀၀၀ သာပေးရတဲ့ အိမ်ငှားတန်းလျားမှာ သူတို့နေကြတာတဲ့။ ကျွန်တော့်တို့မြို့လေးရဲ့ အဝေးဆုံးမှာရှိတဲ့ရွာမှာ အရင်က သူတို့နေခဲ့တာတဲ့။ လယ်စာရင်း ငှားလုပ်ရင်း အရက်စွဲ၊ မြို့ကိုတက်လာ။ ရရာအလုပ်ကြမ်းတွေလုပ်ရင်း အိမ်ထောင်တွေကျ၊ သမီးတစ်ယောက်စီရ။ သူတို့နှစ်ယောက်က ရွာမှာကတည်းက သူငယ်ချင်းတွေတဲ့။ သူတို့နဲ့ကျွန်တော် စကားပြောနေတဲ့ အချိန်ဟာ ညနေ မှောင်ရီသန်းချိန်ပေါ့။ အမှောင်ဟာ ကျွန်တော့်မြင်ကွင်းထဲကို ခပ်စောစော ရောက်လာခဲ့သလိုပါပဲ။ သူတို့ရဲ့ ဘဝအမောတွေ။ ကျွန်တော်တို့ရဲ့ ဘဝအမောတွေ။ အားလုံးဟာ ထပ်တူမညီပေမယ့် အမောတွေ ဒုက္ခတွေကတော့ ရပ်ကွက်လေးမှာ ရုံပြည့်ရုံလျှံပဲ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ကလေးတွေကို ကျောင်းထားချိန်ရောက်တဲ့အခါ ကျောင်းဖြစ်အောင်ထားဖို့၊ လွယ်အိတ်နဲ့ စာအုပ်ဖိုး ကျွန်တော်ကူညီပါ့မယ်လို့ ပြောတဲ့အခါ သူတို့တွေက ပြုံးနေကြပါတယ်။ ပြီးတော့ “စာဖတ်တတ်လောက်တဲ့အထိတော့ ကျောင်းထားမှာပါ ညီလေးရာ” တဲ့။ ကျွန်တော် နဲ့ စကားပြောပြီးတဲ့နောက် တွန်းလှည်းလေးတွေဟာ အမှောင်ထဲကို ဝင်ရောက်သွားပါတော့တယ်။ ခဏအကြာမှာ ကလေးကိုယ်စီ ချီထားတဲ့ တွန်းလှည်းတွန်းသူတွေရဲ့ ဇနီးသည်တွေ ရောက်လာပါတယ်။ သူတို့ရဲ့ လက်တစ်ဖက်မှာ ဆန်ထုပ်လေးတွေနဲ့ပေါ့။ တွန်းလှည်းတွန်းသူတွေဟာ ညနေစောင်းလို့ အိမ်ပြန်တဲ့အခါ အရက်သောက်ကြတယ်ထင်ပါရဲ့။ သူတို့ဆီက အရက်နံ့ရသလို တွန်းလှည်းလေးတွေက ဟိုစောင်းဒီစောင်းနဲ့ ဖြစ်နေ တတ်ပါတယ်။ သူတို့မူးနေလို့ သူတို့ရဲ့ သမီးလေးတွေကို တွန်းလှည်းပေါ် တင်မလာတာတဲ့။ ကလေးတွေကို ညနေဆို လှည်းပေါ်တင် မလာတဲ့အကြောင်းကို သူတို့ရဲ့ ဇနီးသည်တွေ ပြောပြလို့ နောက်ပိုင်းမှ ကျွန်တော်သိခဲ့ရတာပါ။

တွန်းလှည်းတွန်းသူတွေရဲ့ အကြောင်းကို အနည်းငယ်သိရပြီးတဲ့နောက်မှာ ကျွန်တော်ငယ်ငယ်က ပစ္စည်းဟောင်းဝယ်တဲ့သူတွေရဲ့ ပုံရိပ်တွေဟာ မျက်စိထဲရောက်လာပါတော့တယ်။ ဆာလာအိတ်ကြီးနှစ်လုံးကို ထမ်းပိုးနဲ့ထမ်းပြီး “ဒန်တွေဝယ်တယ်၊ ကြေးတွေဝယ်တယ်” ဆိုတဲ့အော်သံနဲ့အတူ ရောက်လာတတ်တဲ့ ပစ္စည်းဟောင်းဝယ်သူတွေ။ အဲဒီလို ဝယ်တဲ့သူတွေဆီကို ရောင်းတတ်တာက လူကြီးတွေပါပဲ။ ဒန်က ဘယ်စျေး၊ကြေးက ဘယ်စျေး၊ သံတိုသံစက ဘယ်စျေးဆိုတာ လူကြီးတွေပဲ သိတာလေ။ ပြီးတော့ လူကြီးတွေက ပစ္စည်းအဟောင်းများများရှိနေမှ၊ ပိုက်ဆံများများရလောက်မှ၊ ဝယ်တဲ့သူလည်း ရောက်လာမှ ရောင်းတတ်တာပါ။ ကျွန်တော်တို့ ကလေးတွေလို မဟုတ်ဘူးပေါ့။ ကျွန်တော်တို့ ကလေးတွေကလည်း အဲဒီလိုရောင်းတာ ဝယ်တာကို စိတ်မဝင်စားပါဘူး။ လဲတာဖလှယ်တာကိုပဲ စိတ်ဝင်စားကြတာပါ။ ပစ္စည်းဟောင်းတွေကို ပိုက်ဆံနဲ့ဝယ်တဲ့ သူတွေကလည်း ကျွန်တော်တို့စိတ်ဝင်စားတဲ့ အလဲအလှယ်အလုပ်ကို မလုပ်ကြပါဘူး။

ကျွန်တော်တို့စိတ်ဝင်စားတာက ကလေးကစားစရာ အဖိုးနည်း ကော်ပတ်အရုပ်လေးတွေနဲ့ ပုလင်းခွံတွေ၊ ဒန်အိုးဒန်ခွက်အဟောင်းတွေ၊ သံတိုသံစတွေ၊ ကြေးတွေနဲ့ လဲပေးတဲ့ သူကိုပါ။ အဲဒီအလုပ်ကိုလည်း လူကြီးတွေပဲ လုပ်ကြတာပါ။ ကျွန်တော်တို့ ငယ်ငယ်ကဆို အိမ်မှာရှိတဲ့ အသုံးမဝင်တော့တဲ့ ပုလင်းခွံတွေ၊ သံတိုသံစတွေ၊ ဒန်အိုးဒန်ခွက်အဟောင်းတွေကို သေသေချာချာ သိမ်းထားပါတယ်။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်ရောက်ရင် ‘ရွှီ၊ ရွှီ’ ဆိုတဲ့ ဝီစီသံကို နားစွင့်နေပါတယ်။ ဝီစီသံကြားတာနဲ့လမ်းထိပ်က ညောင်ပင်အောက်ကို အပြေးသွားတော့တာပေါ့။ လက်ထဲမှာ ကြွပ်ကြွပ်အိတ် အထုပ်တစ်ထုပ်ကို ဆွဲလို့ပေါ့။ ညောင်ပင်ကြီးအောက်မှာတော့ ကစားစရာ အရုပ်နဲ့ ပစ္စည်းအဟောင်းတွေလဲတဲ့ ဦးလေးကြီးကို သူ့ရဲ့ ၀ါးတောင်းနှစ်လုံးပါ ဆိုင်းထမ်းကြီးနဲ့အတူ တွေ့ရပါတယ်။ ဦးလေးကြီးရဲ့ ဆိုင်းထမ်းဟာ ၀ါးတောင်းနှစ်လုံးကို အခြေတည်ပြီး လုပ်ထားတာပါ။ ၀ါးတောင်းတစ်လုံးစီမှာ ၀ါးလုံးလေးလုံးစီကို ထောင်ထားပါတယ်။ ၀ါးလုံးတွေကို ၀ါးတန်းလေးနဲ့ ချိတ်ဆက်ထားပါတယ်။ ၀ါးတန်းလေးတွေမှာတော့ ကျွန်တော်တို့ ကလေးတွေအကြိုက် ကစားစရာ အရုပ်လေးတွေကို ချိတ်ဆွဲထားတာပေါ့။ ကစားစရာ အရုပ်လေးတွေက တန်ဖိုးနည်း ကော်ပတ်အရုပ်လေးပါ။ ကော်ပတ်ကားလေးတွေ၊ သေနတ်လေးတွေနဲ့ စစ်သားရုပ်၊ ဘိုမရုပ်လေးတွေပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ကလေးတွေကတော့ ကစားစရာအရုပ်ရရင် ပျော်နေတာပါပဲ။

ဦးလေးကြီးက ကျွန်တော်တို့ပါလာတဲ့ ပစ္စည်းအဟောင်းတွေကိုကြည့်ပြီး သင့်ရာအရုပ်နဲ့ လဲပေးပါတယ်။ ကြေးတို့၊ ဒန်အိုးဒန်ခွက်အဟောင်းတို့ဆို အရုပ်ကောင်းကောင်း ရတတ်ပါတယ်။ ကြေးနဲ့ဒန်က ဒိုင်မှာပြန်သွင်းတဲ့အခါ စျေးကောင်းရလို့တဲ့။ ပုလင်းခွံနဲ့ ကော်ခွက်အဟောင်းတွေက များများပါမှ ကိုယ်လိုချင်တဲ့အရုပ်ကို လဲလို့ရတာပါ။ ဦးလေးကြီးနဲ့ ကျွန်တော်တို့ကလေးတွေရဲ့  ငြင်းခုန်သံတွေဟာ ညောင်ပင်ကြီးအောက်မှာ ဆူညံနေတတ်ပါတယ်။ ဦးလေးကြီးက ကျွန်တော်တို့ကလေးတွေကို ညှာတာပါတယ်။ ဒါပေမဲ့ သူ့နောက်မှာ မိသားစုရှိသေးတယ်လို့ ပြောတတ်ပါတယ်။ သူကျွန်တော်တို့ကို အမြဲပြောတဲ့စကားပေါ့။ “မင်းတို့ကို အရုပ်ကောင်းကောင်း ပေးချင်ပါတယ်ကွာ၊ ဒါပေမဲ့ ငါ့မိသားစု ထမင်းဖိုးရဖို့တော့ ကူညီကြပါကွာ” တဲ့။ အဲဒီလို သူအမြဲပြောပါတယ်။ ကျွန်တော်တို့ကလည်း ဦးလေးကြီးကို “ဟို အရုပ်ပေးပါ၊ ဒီအရုပ်ပေးပါ” လို့ပြောနေပေမယ့် နောက်ဆုံးသူပေးတဲ့အရုပ်ကိုယူပြီး ပြန်တဲ့သူတွေချည်းပါပဲ။ အဲဒီအခါ “လိမ္မာတဲ့ကလေးတွေ” လို့ပြောပြီး ဦးလေးကြီးဟာ သူ့ဆိုင်းထမ်းကိုထမ်းလို့ နောက်ရပ်ကွက်တစ်ခုကို ထွက်သွားပါတယ်။ ကျွန်တော်တို့ကတော့ ကစားစရာ အရုပ်ကလေးတွေကို လက်ထဲမှာကိုင်ပြီး ညောင်ပင်ကြီးရဲ့ အရိပ်အောက်မှာ ကျန်ရစ်နေခဲ့တာပေါ့။

ကျွန်တော်ငယ်ငယ်က ကြုံခဲ့တဲ့ ဦးလေးကြီးရယ်၊ အခုတွေရတဲ့ တွန်းလှည်းတွန်းသူတွေရယ်ဟာ သူတို့ရဲ့ဘဝတွေကို ရိုးသားစွာနဲ့ တည်ဆောက်ထားကြသူတွေပါ။ ကျွန်တော်တို့မလိုချင်တဲ့ ပစ္စည်းအဟောင်းတွေက သူတို့အတွက် ပိုက်ဆံပါပဲ။ ခေတ်ကြီးကသာ ပြောင်းလဲနေတာပါ။ ကျွန်တော်တို့ ကြုံနေရတဲ့ဘဝတွေက မပြောင်းလဲသေးပါဘူး။ ပစ္စည်းဟောင်းနဲ့ ကစားစရာလဲသူတွေနေရာမှာ ပစ္စည်းဟောင်းကောက်သူတွေပဲ ရောက်လာပါတယ်။ ကျွန်တော်တို့အားလုံးနဲ့ သက်ဆိုင်တဲ့အရာတွေကတော့ အဲဒီလိုမဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ သယံဇာတပစ္စည်းတွေ ဆိုရင်လဲလှယ်ခဲ့တဲ့သူတွေ၊ တူးဖော်ရောင်းချခဲ့သူတွေရဲ့ လက်ထဲမှာ တဖြည်းဖြည်း နည်းပါးသွားခဲ့ပြီ မဟုတ်လား။ အဲဒီလို လုပ်ခဲ့တဲ့ သူတွေပဲ ထားစရာမရှိအောင် ချမ်းသာသွားကြပြီ မဟုတ်လား။ ရိုးရိုးသားသားနဲ့ ပစ္စည်းအဟောင်းလဲလှယ်သူတွေ၊ ပစ္စည်းအဟောင်း ကောက်သူတွေကတော့ စားစရာမရှိအောင် ဆင်းရဲနေဆဲပါပဲ။ အောက်ခြေက ကျွန်တော်တို့ ဘဝတွေကတော့ ပစ္စည်းအဟောင်းတွေနဲ့ ကျင်လည်ရှင်သန်နေရဆဲပါပဲ။ အသက်ဆက်နေရဆဲပါပဲ။

Most Read

Most Recent