MNDAA၊ TNLA၊ AA အဖွဲ့နှင့်ဆက်စပ်ပတ်သက်သည့် အဖွဲ့များ၊ ၎င်းတို့၏လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကန့်ကွက်ကြောင်း နိုင်ငံရေးပါတီ ၂၃ ပါတီထုတ်ပြန်

MNDAA၊ TNLA၊ AA အဖွဲ့နှင့်ဆက်စပ်ပတ်သက်သည့် အဖွဲ့များ၊ ၎င်းတို့၏လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကန့်ကွက်ကြောင်း နိုင်ငံရေးပါတီ ၂၃ ပါတီထုတ်ပြန်
ပုံစာ- မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ် မေလ ၂၈ ရက်က ရန်ကုန်မြို့တွင် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးစဉ်(Photo USDP)
ပုံစာ- မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ် မေလ ၂၈ ရက်က ရန်ကုန်မြို့တွင် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးစဉ်(Photo USDP)
Published 12 July 2024

MNDAA၊ TNLA၊ AA အဖွဲ့နှင့်ဆက်စပ်ပတ်သက်သည့် အဖွဲ့များ၊ ၎င်းတို့၏လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကန့်ကွက်ကြောင်း  နိုင်ငံရေးပါတီ ၂၃ ပါတီက ဇူလိုင် ၁၁ ရက်တွင် ကြေညာချက်ပူးတွဲထုတ်ပြန်သည်။

အဆိုပါကြေညာချက်တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်မြေဒေသများအတွင်း ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ကြောင်း၊ ၎င်းနောက် MNDAA/TNLA/AA နှင့် ယင်းအဖွဲ့အစည်းများအား ကူညီ ဆက်စပ်၊ ပါဝင်ပတ်သက်နေသော လက်နက်ကိုင်အဖွဲ့အစည်းများသည် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲထားမှုကို အခွင့်ကောင်းယူပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လမှစ၍ ၁၀၂၇ ဒုတိယလှိုင်းအမည်ဖြင့် တိုက်ခိုက်မှုများအား ထပ်မံလုပ်ဆောင်လာခဲ့ကြောင်း၊ ယခုအခါ အထက်ပါသောင်းကျန်းသူအဖွဲ့အစည်းများသည် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သော အများပြည်သူနေထိုင်ရာ မြို့ကြီးများအား အဝေးမှ လက်နက်ကြီးများ၊ Drop Bomb များဖြင့် ပစ်ခတ်ခြင်း၊ ၎င်းတို့နှင့် လူမျိုးမတူသူ တိုင်းရင်းသားမျိုးနွယ်စုများအား ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေဒေသအတွင်းမှ ခြိမ်းခြောက်နှင်ထုတ်ခြင်း စသည့်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိနေကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ သမိုင်းတစ်လျောက် ရှေးပဝေသဏီကပင် တိုင်းရင်းသားလူမျိုးစုများသည် နိုင်ငံတစ်ဝှမ်း ချစ်ကြည်ရင်းနှီးစွာ အတူရောနှော ပျံ့နှံ့နေထိုင်လေ့ရှိခဲ့ကြောင်း၊ သို့ရာတွင် အထက်ပါအဖွဲ့အစည်းများသည် ၎င်းတို့နှင့် လူမျိုးစုမတူသော အခြားတိုင်းရင်းသား မျိုးနွယ်စုများအား ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေဒေသအတွင်းမှ ခြိမ်းခြောက်နှင်ထုတ် ပြောင်းရွေ့စေခြင်းသည် တစ်မြေတည်းနေ တစ်ရေတည်းသောက် တိုင်းရင်းသားမျိုးနွယ်စုများ၏ စည်းလုံးညီညွတ်မှုကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲဖျက်ဆီးခဲ့ရုံသာမက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)၏ ပုဒ်မ (၃၅၅)ပါ “နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌ မဆိုဥပဒေနှင့်အညီအခြေစိုက်နေထိုင်ခွင့်ရှိသည်” ဟူသော ပြဋ္ဌာန်းချက်အား အတိအလင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု ရှုမြင်ကြောင်း နိုင်ငံရေးပါတီ ၂၃ ပါတီက ထုတ်ပြန်သည်။

ထို့ပြင်၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေဒေသအတွင်းမှ အခြားတိုင်းရင်းသား မျိုးနွယ်စုများကို အကြမ်းဖက် ခြိမ်း ခြောက်နှင်ထုတ်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးကြေညာစာတမ်း အပိုဒ် ၁၃(၁) ပါ “လူတိုင်းတွင် မိမိ၏ နိုင်ငံနယ်နိမိတ်အတွင်း၌ လွတ်လပ်စွာသွားလာ ရွှေ့ပြောင်းနိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်” ဟူသော ပြဋ္ဌဌာန်းချက်ကို အတိအလင်းချိုးဖောက်ခြင်းဖြစ်သည်ဟု ရှုမြင်ပါကြောင်း၊ ၎င်းအပြင် အဆိုပါ သောင်းကျန်းသူအဖွဲ့အစည်းများ၏ အဆင့်ဆင့်သော ကြီးကြပ်ကွပ်ကဲသူများသည် တည်ဆဲဥပဒေများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ချိုးဖောက်ခြင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်းနှင့် နိုင်ငံတကာက လက်ခံကျင့်သုံးနေသော လူအခွင့်အရေးများအား ချိုးဖောက်ခြင်းတို့ကို ပြုလုပ်နေကြောင်း ရှုမြင်ကြောင်း နိုင်ငံရေးပါတီ ၂၃ ပါတီကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အကြမ်းဖက်အဓမ္မဝါဒကို မလိုလား၊ လက်မခံကြသော နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသားပြည်သူများကိုယ်စား ကျွန်ုပ်တို့နိုင်ငံရေးပါတီများက အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည့် MNDAA/TNLA/AA နှင့် ၎င်းတို့နှင့် တိုက်ရိုက်၊ သွယ်ဝိုက်၊ ဆက်စပ် ပူးပေါင်းပါဝင်ကူညီပေးနေကြသော အဖွဲ့အစည်းများအားလုံးကို လုံးဝ(လုံးဝ) လက်မခံ၊ ဆန့်ကျင်၊ ရှုံ့ချ၊ ကန့်ကွက်ကြောင်း၊ ၎င်းအပြင် နိုင်ငံရေးပါတီများ၏ ရှုမြင်သုံးသပ်ချက်များအပေါ် မူတည်၍ သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများက အထက်ပါအကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည့် လက်နက်ကိုင် အဖွဲ့အစည်းများအားအကြမ်းဖက်အုပ်စုများအဖြစ် နိုင်ငံတွင်း၌သာမက နိုင်ငံတကာကပါ သိရှိလက်ခံနိုင်ရန် ဆောင်ရွက်ခြင်း၊ အထက်ပါအဖွဲ့အစည်းများ၏ အဆင့်ဆင့်သော ကြီးကြပ်ကွပ်ကဲသူများအား အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာ၍ အာဆီယံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံတကာရဲတပ်ဖွဲ့ဌာနချုပ်တို့နှင့် ဆက်သွယ်၍လည်းကောင်း၊ နိုင်ငံတကာရဲတပ်ဖွဲ့အချင်းချင်း ဆက်သွယ်၍ လည်းကောင်း လိုအပ်သလို ကန့်သတ်၊ ထိန်းချုပ်ခြင်းများ ဆောင်ရွက်ခြင်းကို ပိုမိုအရှိန်မြှင့် ဆောင်ရွက်ပေးနိုင်ရန် အကြံပြုအပ်ကြောင်း နိုင်ငံပါတီ ၂၃ ပါတီက ထုတ်ပြန်သည်။

MNDAA၊ TNLA၊ AA အဖွဲ့နှင့်ဆက်စပ်ပတ်သက်သည့် အဖွဲ့များ၊ ၎င်းတို့၏လုပ်ရပ်များကို  ဆန့်ကျင်၊ ရှုတ်ချကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည့် ပါတီ ၂၃ ပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)၊ ဒီမိုကရက်တစ်ပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ ခူမီး အမျိုးသားပါတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ လူထုပါတီနှင့် မွန်တိုးတက်ရေးပါတီတို့ဖြစ်သည်။

Most Read

Most Recent