ဒိုင်ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် စပိန်-ဂျာမနီပွဲ ပြန်ကစားရန် လက်မှတ်ရေးထိုးတောင်းဆို

ဒိုင်ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် စပိန်-ဂျာမနီပွဲ ပြန်ကစားရန် လက်မှတ်ရေးထိုးတောင်းဆို
Photo: Reuters
Photo: Reuters
Published 8 July 2024

ယူရို-၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ဖြစ်သည့် စပိန်-ဂျာမနီပွဲစဉ်တွင် အင်္ဂလန်ဒိုင်လူကြီး အန်သိုနီတေလာ၏ ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် ပြန်လည်ကစားခွင့်ပြုရန် ပရိသတ်များက လက်မှတ်ရေးထိုးတောင်းဆိုလျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၅ ရက်က ယှဉ်ပြိုင်ကစားသည့် ယင်းပွဲတွင် စပိန်အသင်းက အိမ်ရှင်ဂျာမနီအသင်းကို အချိန်ပိုတွင် သွင်းယူသည့်ဂိုးနှင့်အတူ (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။

စပိန်အသင်းက ၅၁ မိနစ်တွင် အော်လ်မိုသွင်းယူသည့်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ၈၉ မိနစ်တွင် ဗက်ဇ်က ပြန်လည်ချေပသောကြောင့် အချိန်ပိုဆက်ကစားခဲ့ရသည်။

စပိန်အသင်းအတွက် အနိုင်ဂိုးကို မယ်ရီနိုက ၁၁၉ မိနစ်တွင် ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

သို့သော် အချိန်ပို ၁၀၆ မိနစ်တွင် ဂျာမနီအသင်းတိုက်စစ်ကစားသမား မူဆီယာလာ၏ ၁၈ ကိုက်စည်းထိပ်မှ ကန်သွင်းမှုမှာ စပိန်နောက်ခံလူ ကူကူရယ်လာ၏ လက်နှင့်ထိသွားသော်လည်း ဒိုင်လူကြီး အန်သိုနီတေလာက ပယ်နယ်တီပေးရန် ငြင်းဆန်ခဲ့သလို VAR ဒိုင်အဖွဲ့ကလည်း ပြန်လည်ကြည့်ရှုစစ်ဆေးရန် အကြံပြုခဲ့ခြင်းမရှိကြောင်း သိရသည်။

သို့ဖြစ်ရာ ပရိသတ်များက ယင်းဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် ပြန်လည်ကစားခွင့်ပြုရန် လက်မှတ်ရေးထိုးတောင်းဆိုမှု ပြုလုပ်နေခြင်းဖြစ်သည်။

change.org ဝက်ဘ်ဆိုက်တွင် ယင်းပွဲကို ပြန်လည်ကစားခွင့်ပြုရန် ပါဝင်လက်မှတ်ရေးထိုးသူ ၃၀၀၀၀ ကျော်အထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

သို့သော် စပိန်အသင်းမှာ ဆီမီးဖိုင်နယ်အဖြစ် ပြင်သစ်အသင်းနှင့် ယှဉ်ပြိုင်ကစားတော့မည်ဖြစ်သည်။

 

Most Read

Most Recent