ယူရို-၂၀၂၄ ပြိုင်ပွဲတွင် စပိန်အသင်း အကောင်းဆုံးဟု ပြင်သစ်နည်းပြ ဒေးရွှမ့်ဆိုခဲ့ပြီး ဗိုလ်လုပွဲ၌ စပိန်နှင့် ဆုံတွေ့လိုသည်ဟု အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ် ပြောကြား

ယူရို-၂၀၂၄ ပြိုင်ပွဲတွင် စပိန်အသင်း အကောင်းဆုံးဟု ပြင်သစ်နည်းပြ ဒေးရွှမ့်ဆိုခဲ့ပြီး ဗိုလ်လုပွဲ၌ စပိန်နှင့် ဆုံတွေ့လိုသည်ဟု အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ် ပြောကြား
Photo : AFP
Photo : AFP
Published 8 July 2024

ပြင်သစ်နည်းပြ ဒေးရွှမ့်က လက်ရှိကျင်းပနေသည့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် စပိန်အသင်း အကောင်းဆုံးဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

ပြင်သစ်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်တွင် စပိန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းအတွက် ဒေးရွှမ့်က ပြိုင်ဘက်အသင်းအပေါ် သုံးသပ်ခဲ့ခြင်းဖြစ်သည်။ "စပိန်က ဒီပြိုင်ပွဲမှာ အကောင်းဆုံးအသင်းဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ကျွန်တော် ပွဲတချို့ ကြည့်ခဲ့ရပါတယ်။ သူတို့ အရမ်းကောင်းတဲ့အရာတွေ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း ပုံစံကောင်းပြန်ရလာရင် ဗိုလ်လုပွဲတစ်နေရာကို ရယူနိုင်မှာပါ။ ကျွန်တော်တို့ ခါတိုင်းလိုပဲ ဗိုလ်လုပွဲရောက်ဖို့ တိုက်ပွဲဝင်သွားမှာပါ။ စပိန်အသင်းရဲ့ ပွဲတွေကို ကြည့်ရတာကတော့ သူတို့ကို ချီးကျူးဂုဏ်ပြုစရာတွေ အပြည့်ပါပဲ"ဟု ဒေးရွှမ့်က ပြောကြားခဲ့သည်။ စပိန်အသင်းသည် လက်ရှိယူရိုပြိုင်ပွဲ၌ အုပ်စုကျပ်အတွင်း ကျရောက်ခဲ့သော်လည်း ရာနှုန်းပြည့်နိုင်ပွဲ ရယူနိုင်ခဲ့သလို၊ ကွာတားဖိုင်နယ်တွင်လည်း အိမ်ရှင် ဂျာမနီအသင်းကို အချိန်ပို၌ အနိုင်ယူ ကျော်ဖြတ်ခဲ့သည့်အတွက် ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းဖြစ်လာခဲ့ကြောင်း သိရသည်။ စပိန်နှင့် ပြင်သစ်အသင်း ယှဉ်ပြိုင်ကစားရမည့် ဆီမီးဖိုင်နယ် ပွဲစဉ်၌ ဗိုလ်လုပွဲသို့ တက်ရောက်ရန် စပိန်အသင်းကို  (၄း၅)လေး သတ်မှတ်ထားပြီး ပြင်သစ်အသင်းကို (၁၁း၁၀)လေး သတ်မှတ်ထားကြောင်း သိရသည်။

ဗိုလ်လုပွဲသို့ တက်ရောက်နိုင်မည့် အသင်းနှစ်သင်းအဖြစ် စပိန်နှင့် အင်္ဂလန်တို့ ရေပန်းအစားဆုံးဖြစ်နေပြီး အင်္ဂလန် ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်ကလည်း ဗိုလ်လုပွဲ၌ စပိန်အသင်းနှင့် ဆုံတွေ့လိုသည်ဟု ပြောကြားခဲ့သည်။ ဘယ်လင်ဂမ်သည် ပြီးခဲ့သည့်ရာသီတွင် စပိန်ကလပ် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကစားကာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး လာလီဂါအကောင်းဆုံးကစားသမားဆု ရရှိခဲ့သူဖြစ်သည်။ ၎င်းက "ပြီးခဲ့တဲ့ နောက်ဆုံး(၃)ပတ်အတွင်းမှာ စပိန်အသင်း ကစားတာ အရမ်းကောင်းခဲ့ပါတယ်။ ဒါကြောင့် ဘာမဆိုဖြစ်နိုင်ပါတယ်။ ဗိုလ်လုပွဲမှာ စပိန်နဲ့ ဆုံတွေ့ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ အင်္ဂလန်အသင်းသည် ယခုပြိုင်ပွဲ၌ ချန်ပီယံဆုရရှိရန် ရေပန်းအစားဆုံးအသင်း ဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင်မူ စပိန်၏နောက် ဒုတိယနေရာသို့ ရောက်ရှိနေသည်။ အသင်းအနေဖြင့် အကောင်းဆုံးခြေစွမ်းပြသနိုင် ခြင်းမရှိသေးသလို၊ ဘယ်လင်ဂမ်အပါအဝင် ကြယ်ပွင့်ကစားသမားများအနေဖြင့်လည်း အကောင်းဆုံးပုံစံ ပြသနိုင်ခြင်းမရှိသဖြင့် ရေပန်းစားမှု လျော့ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ဆီမီးဖိုင်နယ်တွင် နယ်သာလန်နှင့် ဆုံတွေ့ နေသဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရန် (၃း၄)လေး သတ်မှတ်ခံထားရပြီး နယ်သာလန်အသင်းက (၁၅း၁၃)လေး သတ်မှတ်ခံထားရကြောင်း သိရသည်။

အင်္ဂလန်နှင့် စပိန်အသင်းသည် ယူရိုပြိုင်ပွဲ၌ ယူရို-၁၉၉၆ နောက်ပိုင်း ဆုံတွေ့ဖူးခြင်းမရှိဘဲ ခြေစမ်းပွဲများနှင့် Nations League ပြိုင်ပွဲတွင်သာ ဆုံတွေ့ခဲ့ဖူးကြောင်း သိရသည်။ ယူရို-၁၉၉၆ ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်၌ ဆုံတွေ့ခဲ့ခြင်းဖြစ်ပြီး ပယ်နယ်တီအဆုံးအဖြတ်အထိ ရောက်ရှိခဲ့ရာ အင်္ဂလန်အသင်းက (၄-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ အင်္ဂလန်အသင်း၏ လက်ရှိနည်းပြ ဆောက်ဂိတ်သည် အဆိုပါကွာတားဖိုင်နယ်ပွဲ၌ အင်္ဂလန်အသင်းတွင် ပွဲထွက်နောက်ခံလူတစ်ဦးအဖြစ် ပါဝင်ကစားခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent