ရန်ကုန်တိုင်းရှိ  ဝမ်းပျက်ဝမ်းလျှော လူနာများကို ဓာတ်ခွဲစစ်ဆေးရာ ငါးဦးတွင် ကာလဝမ်းရောဂါပိုး တွေ့ရှိပြီး ၎င်းရောဂါဖြင့် သေဆုံးသူမရှိဘဲ သေဆုံးသူတစ်ဦးသည် မူလခုခံအားကျဆင်းမှု ကူးစက်ရောဂါအခံကြောင့် ဖြစ်ဟုဆို

ရန်ကုန်တိုင်းရှိ  ဝမ်းပျက်ဝမ်းလျှော လူနာများကို ဓာတ်ခွဲစစ်ဆေးရာ ငါးဦးတွင် ကာလဝမ်းရောဂါပိုး တွေ့ရှိပြီး ၎င်းရောဂါဖြင့် သေဆုံးသူမရှိဘဲ သေဆုံးသူတစ်ဦးသည် မူလခုခံအားကျဆင်းမှု ကူးစက်ရောဂါအခံကြောင့် ဖြစ်ဟုဆို
■ ပုံစာ - သာကေတမြို့နယ်၊ ထူပါရုံရပ်ကွက်အတွင်း သင်္ခါရဝိမုတ္တိလူမှုကူညီရေးအသင်းက နေအိမ်များအတွင်း ကလိုရင်းဆေးခတ်ပေးနေသည်ကို ဇူလိုင် ၆ ရက်ကတွေ့ရစဉ်(ဓာတ်ပုံ - ကြည်နိုင်)
■ ပုံစာ - သာကေတမြို့နယ်၊ ထူပါရုံရပ်ကွက်အတွင်း သင်္ခါရဝိမုတ္တိလူမှုကူညီရေးအသင်းက နေအိမ်များအတွင်း ကလိုရင်းဆေးခတ်ပေးနေသည်ကို ဇူလိုင် ၆ ရက်ကတွေ့ရစဉ်(ဓာတ်ပုံ - ကြည်နိုင်)
Published 6 July 2024

ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံအသီးသီးတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါလက္ခဏာပြသည့် လူနာများကို ဓာတ်ခွဲစစ်ဆေးရာ ငါးဦးတွင် ကာလဝမ်းရောဂါပိုး တွေ့ရှိပြီး ၎င်းရောဂါဖြင့်သေဆုံးသူမရှိဘဲ သေဆုံးသူတစ်ဦးသည် မူလခုခံအားကျဆင်းမှု ကူးစက်ရောဂါအခံကြောင့်ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အချို့မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

''ဖြစ်တာကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ သဲကွင်း ကျူးကျော်ရပ်ကွက်မှာ ဖြစ်ပါတယ်။ အဲ့ဒီမှာ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားနေတယ်ဆိုပြီး သတင်းရရှိခဲ့ပါတယ်။ ဒါကြောင့်မလို့ ဇူလိုင် ၃ ရက်နေ့က သွားရောက်စစ်ဆေးတဲ့အခါမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါလက္ခဏာဖြစ်ပွားသူ ၁၂ ဦးရှိကြောင်း တွေ့ရှိရပါတယ်။ အဲထဲက ဆေးရုံတက်ရောက်ကုသသူကိုးဦးရှိခဲ့ပါတယ်။ အဲဒီကိုးဦးရဲ့ ဝမ်းနမူနာတွေကို စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးတဲ့အခါမှာ တစ်ဦးက ကာလဝမ်းရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ အဖြေထွက်ခဲ့ပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ဆေးရုံအသီးသီးမှာ တက်ရောက်နေတဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ လက္ခဏာပြတဲ့ လူနာတွေကို ကာလဝမ်းရောဂါပိုး ရှိ၊ မရှိ  စစ်ဆေးခဲ့ပါတယ်။ ဒီနေ့အထိ တွေ့ရှိရတာကတော့ ဝိတိုရိယဆေးရုံမှာ တစ်ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လေးဦး၊ စုစုပေါင်း ငါးဦး တွေ့ရှိတယ်ဆိုတဲ့အဖြေ ထွက်ခဲ့ပါတယ်။ ကျန်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ လက္ခဏာပြတဲ့သူတွေကတော့ ကာလဝမ်းရောဂါပိုး မတွေ့ရှိခဲ့ပါဘူး "ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင်စတင်ဖြစ်ပွားခဲ့သည့်နေရာဖြစ်သော ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ သဲကွင်ကျူးကျော်ရပ်ကွက်သို့ ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးအဖွဲ့များနှင့် သွားရောက်စစ်ဆေးရာတွင် ယင်းနေရာ၌ အိမ်ခြေ ၁၆၆ လုံး၊ လူဦးရေ ၆၄၆ ဦး နေထိုင်ပြီး အများသုံးအိမ်သာ ၁၂ ခန်းသာရှိသည်ကို တွေ့ရကြောင်းနှင့် ယင်းသည်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားစေသည့် အကြောင်းအရင်းဟု သုံးသပ်ရပါကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက'' ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိပြီး စောစောစီးစီး ကုသပေးနိုင်ဖို့ အဲဒီနေရာမှာပဲ ဆောင်ရွက်လျက်ရှိပါတယ်။ လိုအပ်တဲ့ကိစ္စများဖြစ်တဲ့ လမ်းဘေးစားသောက်ဆိုင်တွေကို ယာယီပိတ်ထားတာတွေ၊ ရေနဲ့ပတ်ဝန်းကျင် သန့်ရှင်းမှုလုပ်ငန်းများ အားဖြည့်ဆောင်ရွက်တာတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ခုနက ကျွန်တော်ပြောတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်သူတွေထဲမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူ မရှိပါဘူး။ အဲ့ဒီထဲကမှ တစ်ဦးကတော့ ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် မဟုတ်ဘဲနဲ့ နဂိုကတည်းက ခုခံအားကျဆင်းမှု ကူးစက်ရောဂါအခံရှိလို့ သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဒီရပ်ကွက်တွေကို သွားရောက်စစ်ဆေးပြီးတော့ ဆေးခန်းဖွင့်လှစ်ပြီး လူနာသစ်တွေ လာရောက်ပြသမှု အခြေအနေတွေကို လက်ခံတာတွေ၊ တိုင်းဒေသကြီးက တာဝန်ရှိအဖွဲ့အစည်းတွေ၊ ဒေသခံကျန်းမာရေး ဝန်ထမ်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေ၊ Volunteer တွေကနေပြီးတော့ ရပ်ကွက်အတွင်း သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေး ကလိုရင်းဆေး ခပ်တာတွေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်တာတွေ၊ ရေသန့် ဖြန့်ဝေတာတွေ ဆောင်ရွက်လျက်ရှိပါတယ် ''ဟု ပြောကြားသည်။

ထို့ပြင် လူနာနေအိမ်များသို့ သွားရောက်ပြီး ကူးစက်သည့်ရောဂါဗေဒဆိုင်ရာ စုံစမ်းထောက်လှမ်းခြင်းများ၊ လူနာနှင့်အနီးကပ်ထိတွေ့သူများကို ကျန်းမာရေး ပညာပေးခြင်းများ၊ ပဋိဇီဝဆေးတွေ တိုက်ကျွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့ကလည်း သွားရောက်၍ ကွင်းဆင်းစစ်ဆေးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသလို ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ညွှန်ကြားရေးမှူး ဦးစီးသည့် တုံ့ပြန်ရေးအဖွဲ့စေလွှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

''ဒီနေရာမှာ ပြောချင်တာကတော့ ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ မိုးဦးကာလမှာ ဖြစ်ပွားတတ်တဲ့ ရောဂါမျိုး ဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှော ရောဂါနဲ့ပတ်သက်ပြီး သတိပြုဖွယ်ရာတွေကို ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လှုံ့ဆော်စာတွေ ထုတ်ပြန်ပေးလျက်ရှိပါတယ်။ ဒီလှုံ့ဆော်စာတွေ၊ တိုက်တွန်းချက်တွေကို သေချာဖတ်ပြီး ကြိုတင်ကာကွယ်တာတွေ၊ ကြိုတင်တားဆီးတာတွေ၊ လိုက်နာတာတွေ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အကျဉ်းချုပ်အနေနဲ့ကတော့ ရေကို ကြိုချက်သောက်တာတွေ၊ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်အတိုင်း ကလိုရင်းဆေးခပ်ပြီး သောက်တာ၊ အစားအစာတွေကို သန့်ရှင်းစွာ ချက်ပြုတ်ပြီး ယင်မနားအောင် ဖုံးအုပ်ထားတာတွေ၊ ယင်လုံ အိမ်သာမ်ား အသုံးပြုဖို့၊ ဒါတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်'' ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့လည်း အဆက်မပြတ်စောင့်ကြည့် ဆောင်ရွက်လျက်ရှိသလို ဒေသဆိုင်ရာ အာဏာပိုင်များကလည်း အဆက်မပြတ် စောင့်ကြည့် အေလးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုအနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာန၊ ဒေသဆိုင်ရာ အာဏာပိုင်များရဲ့ ရောဂါ ကာကွယ် တားဆီး နှိမ်နှင်းရေး သတိပေးချက် လှုံ့ဆော်မှုများကို အတူလိုက်နာပြီး ပူးပေါင်းဆောင်ရွက်သွားကြဖို့ မေတ္တာရပ်ခံလိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။