ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ပျံလွန်တော်မူခဲ့မှုအပေါ် ဝမ်းနည်းကြေကွဲရကြောင်းနှင့် တောင်းပန်အပ်ကြောင်း နစကဥက္ကဋ္ဌက လျှောက်ထားလွှာပေးပို့ 

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ပျံလွန်တော်မူခဲ့မှုအပေါ် ဝမ်းနည်းကြေကွဲရကြောင်းနှင့် တောင်းပန်အပ်ကြောင်း နစကဥက္ကဋ္ဌက လျှောက်ထားလွှာပေးပို့ 
Published 24 June 2024

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကြီး ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  တောင်းပန်လျှောက်ထားလွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများက ဇွန် ၂၄ ရက်တွင် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်ကြီးများအား တွေ့ဆုံပြီး နစကဥက္ကဋ္ဌ၏တောင်းပန်လျှောက်ထားလွှာကို ပြည်ထောင်စုဝန်ကြီးဦးတင်လွင်ကို ဖတ်ကြားလျှောက်ထားပြခဲ့သည်ကိုတွေ့ရသည်။  

နစကဥက္ကဋ္ဌ၏ တောင်းပန်လျှောက်ထားလွှာတွင် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကြီး ပဓာန နာယကဆရာတော်  ဝိနယာဓိက ပရိယတ္တိ ပထမကျော်နှင့် နိုင်ငံတော်အစိုးရ ပထမကျော်၊ ပရိယတ္တိသာသနာဟိတ(သကျသီဟ) ဓမ္မာစရိယ၊ စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာစရိယဂဏဝါစက၊   သာသနဓဇ ဓမ္မာစရိယ၊ အင်္ဂုတ္တရနိကာယပါဠိပါရဂူ၊ နိုင်ငံတော်အစိုးရ တိပိဋက ဒီဃဘာဏက၊ ပရိယတ္တိသာသနာဟိတဓရ  ဂုဏဝိသိဋ္ဌ၊ အနေကဂန္တကာရက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ နိုင်ငံတော်သံဃမဟာနာယက ရှစ်နှစ်တာဝန်ထမ်းဆောင်ခဲ့သော ပျံလွန်တော်မူခဲ့ခြင်းနှင့်ပတ်သက်၍ ဘုရားတပည့်တော်တို့အနေဖြင့် များစွာဝမ်းနည်းကြေကွဲပါကြောင်း ရိုသေလေးမြတ်စွာဦးစွာ တင်ပြအပ်ပါသည် ဆရာတော်အရှင်သူမြတ်ကြီးတို့ဘုရားဟု ဦးစွာဖော်ပြထားသည်။

ထို့နောက်လျှောက်ထားလွှာတွင် ဒေသတွင်းအခြေအနေများနှင့်ပတ်သက်၍ နစကဥက္ကဋ္ဌက ဆရာကြီးပျံလွန်တော်မူခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သော ဒေသတွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် အရပ်ဝတ်များဖြင့်  အရပ်ဝတ်များဖြင့်အယောင်ဆောင်၍ လှုပ်ရှားသွားလာလျက်ရှိသည့်အပြင် ရွာသားများအား ပြန်ပေးဆွဲခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများ မကြာခဏပြုလုပ်လျက်ရှိပြီး ယင်းဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ၎င်းဒေသအတွင်း ဇွန်လ ၁၉ ရက် နံနက်တွင် ဆီမီးခုံနှင့် မန္တလေးကြား ပြေးဆွဲနေသည့် မော်တော်ယာဉ်တစ်စီးအား PDF အမည်ခံ အကြမ်းဖက်သမားများက ပြန်ပေးဆွဲခဲ့သည့်အတွက် နယ်မြေဒေသလုံခြုံရေး အရေးတကြီး ဆောင်ရွက်ခဲ့ရကြောင်း၊ ဖြစ်စဉ်အသေးစိတ်ကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ရှင်းလင်းတင်ပြထားပြီးဖြစ်ကြောင်း လျှောက်ထားခဲ့သည်။ 

ထို့ပြင် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကြီး၏  ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်သည်  သာသနာရေးနှင့်သက်ဆိုင်သည့် အမှတ်အသားများမပါရှိသည့် အရပ်ယာဉ်ဖြစ်ပြီး အရှိန်ပြင်းစွာမောင်းနှင်လာသည့် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးအရစစ်ဆေးရန်၊ မှန်ချမောင်းနှင်ရန်နှင့် ရပ်တန့်ရန် တားဆီးဆောင်ရွက်ခဲ့ကြပါ သော်လည်း ဆက်လက်မောင်းနှင်သွားသည့်အတွက် ပစ်ခတ်မှုများဆောင်ရွက်ခဲ့ရခြင်းကြောင့် ဆရာတော်ကြီးကိုထိမှန်ပြီး ဘဝနတ်ထံပျံလွန်တော်မူသွားသည်ကို ဝမ်းနည်းဖွယ်သိရှိရပါသည်ဘုရား၊ ဖြစ်စဉ်နှင့်ပတ်သက်၍လည်း တပည့်တော်တို့အနေဖြင့် အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ ဖော်ထုတ်ဆောင်ရွက်လျက်ရှိပါသည်ဘုရား။ ဖော်ထုတ်ရရှိချက်များအပေါ်မူတည်၍ အရေးယူဆောင်ရွက်မှုများကို အလေးထားလုပ်ဆောင်သွားမည်ဖြစ်ပါသည်ဘုရားဟု နစကဥက္ကဋ္ဌ၏ လျှောက်ထားလွှာတွင် ပါရှိသည်။ 

''ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ဘုရား ပရိယတ္တိသာသနာတွင် တန်ဘိုးရှိထင်ရှားကျော်ကြားလှသော သံဃာတော်အရှင်သူမြတ်တစ်ပါးဖြစ်သည့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကြီး ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဆရာတော်ကြီး ဆုံးရှုံးခဲ့ရသည့်အတွက် တပည့်တော်တို့ အနေဖြင့်များစွာ ဝမ်းနည်ကြေကွဲရသည့်အပြင် ယခုဖြစ်စဉ်အတွက်လည်း အလေးအနက်ထား၍ တောင်းပန်အပ်သည်ကို လျှောက်ထားလိုပါသည်ဘုရား။ တပည့်တော်တို့အနေဖြင့် ဆရာ၊ ဒါယကာလက်တွဲ ညီညာစွာဖြင့် သာသနအကျိုးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရိုသေလေးမြတ်စွာလျှောက်ထားတင်ပြအပ်သည် ဆရာတော် သံဃာတော်အရှင်သူမြတ်ကြီးတို့ဘုရား၊ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု'' ဟု နစကဥက္ကဋ္ဌ၏ လျှောက်ထားချက်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထပ်ဆင့် လျှောက်ထားခဲ့သည်။ 

ထိုသို့ ပြည်ထောင်စုဝန်ကြီး၏ လျှောက်ထားမှုပြီးဆုံးပြီးနောက် ဆရာတော်ကြီးတစ်ပါးက ယခုလျှောက်ထား၍ သိရှိရပြီဖြစ်ကြောင်း၊ ဝမျးနညျးဖှယျရာ၊ ကြေကွဲဖွယ်ရာဖြစ်ပြီး မေ့ပျောက်ရန် မဖြစ်နိုင်ကြောင်း ပြန်လည်မိန့်ကြားခဲ့သည်။

ထို့အတူ အခြားဆရာတော်ကြီး တစ်ပါးက ဖြစ်ပျက်ပြီးကိစ္စရပ်သည် အတိတ်ဖြစ်ကာ ဖြစ်လာလတ္တံကိစ္စသည် အနာဂတ်ဖြစ်ပြီး ဆရာတော်များအနေဖြင့် ပစ္စုပန်ဖြစ်သည့်  ဖြစ်ဆဲဖြစ်သော ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနာကိစ္စ ပြီးမြောက်ရေးကိုသာ နှလုံးသွင်း ဆောက်ရွက်နေသည့် အခြေအနေများ၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကြီး၏ စည်းကမ်းကောင်းမွန်မှုဖြင့် ကျောင်းတိုက်ကြီး၏ အခြေအနေများ၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီးအနေဖြင့် ကြခတ်ဝိုင်းကျောင်းတိုက်နှင့် ဝင်းနိမ္မိတာရုံကျောင်းတိုက် နှစ်ကျောင်းလုံးတွင် သာသနာရေးဆိုင်ရာ စည်ပင်ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့သည့် အခြေအနေများကို ရှင်းလင်းမိန့်ကြား ပြီး အခမ်းနားကိုရုပ်သိမ်းခဲ့သည်။

Most Read

Most Recent