မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း ယခုနှစ်မိုးရာသီ၌ မိုးစပါးစိုက်ပျိုးရာတွင် ကောက်စိုက်ခအဖြစ် နေ့စားခ အနည်းဆုံး ကျပ်  ၁၅၀၀၀ ပေါက်ကြေးရှိနေ

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း ယခုနှစ်မိုးရာသီ၌ မိုးစပါးစိုက်ပျိုးရာတွင် ကောက်စိုက်ခအဖြစ် နေ့စားခ အနည်းဆုံး ကျပ်  ၁၅၀၀၀ ပေါက်ကြေးရှိနေ
■Photo Credit – Paung Daily
■Photo Credit – Paung Daily
Published 24 June 2024

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း ယခုနှစ်မိုးရာသီ၌ မိုးစပါးစိုက်ပျိုးရာတွင် ကောက်စိုက်ခအဖြစ် နေ့စားခ အနည်းဆုံး ကျပ် ၁၅၀၀၀  ပေါက်ကြေးရှိနေကြောင်း သိရသည်။

ယခင်နှစ်က ကောက်စိုက်ခအဖြစ် နေ့စားခအနည်းဆုံး  ကျပ် ၁၀၀၀၀ သာရှိခဲ့သော်လည်း၊ ယခုနှစ်အတွင်း ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းနှင့် အထွေထွေကုန်ကျစရိတ်များပြားလာခြင်းကြောင့် ကောက်စိုက်ခများ တိုးမြှင့်တောင်းခံနေရခြင်းဖြစ်ကြောင်း ပေါင်မြို့နယ်သို့ လာရောက်ကောက်စိုက်သူ ကောက်စိုက်သမတစ်ဦးက ပြောကြားသည်။

၎င်းက “လက်ရှိမှာ ဆန်တစ်ပြည် ခြောက်ထောင်၊ ခုနှစ်ထောင်ကျပ်အထိ ပေါက်ဈေးရှိနေတော့ ကောက်စိုက်ခကိုလည်း တိုးယူရတဲ့သဘောပါ။ ကုန်ဈေးနှုန်းတွေက အစစအရာရာဈေးကြီးနေတာလေ။ လမ်းစရိတ်တွေကအစ အကုန်ဈေးတက်နေတယ်။ ကောက်စိုက်ခအဖြစ် နေ့စားခအနည်းဆုံး ကျပ်  ၁၅၀၀၀ မှ မရရင် အဆင်မပြေဘူး။ နောက်ပြီး ကျွန်မတို့ ကောက်စိုက်တဲ့အလုပ်ကလည်း ဒီရာသီလေးဘဲ လုပ်ကြရတာပါဟု ပြောကြားသည်။

ကောက်စိုက်သည့်အလုပ်၊ လုပ်ကိုင်နေကြသူများတွင်အများအားဖြင့် အခြေခံလက်လုပ်လက်စားပြည်သူများ အဓိကပါဝင်ကြကြောင်းလည်း ၎င်းကဆိုသည်။

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း မိုးရာသီမိုးစပါးစိုက်ပျိုးနေရန် ကောက်စိုက်လုပ်ငန်းလုပ်ကိုင်နေကြသူများမှာ အများအားဖြင့် ပဲခူးတိုင်းဒေသကြီးဘက်မှ ရွေ့ပြောင်းလုပ်သားများဖြစ်ကြကြောင်းနှင့် ကောက်စိုက်အဖွဲ့တစ်ဖွဲ့တင် လူအင်အား  ၃၀ မှ ၄၀ ခန့်အထိ ပါဝင်ကြကြောင်းလည်း သိရသည်။

မိုးစပါးစိုက်ပျိုးရန်အတွက် ကောက်စိုက်ချိန်မှာ ရက်ပေါင်း  ၄၀ ခန့်လုပ်ဆောင်ကြရကြောင်းလည်း ကောက်စိုက်သမများ၏ ပြောကြားချက်များအရ သိရသည်။

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှစတင်ပြီး ကောက်စိုက်လုပ်ငန်းများ စတင်လုပ်ကိုင်နေကြပြီးဖြစ်ကြောင်း ဒေသခံစပါးစိုက်တောင်သူများထံမှ သိရသည်။

 

Most Read

Most Recent