TGL-7  မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ကျော်စွာဝင်းနှင့် အမေရိကန် MMA ဖိုက်တာ ဘရတ်ပါဆတိုရီ ယှဉ်ပြိုင်ထိုးသတ်မည်

TGL-7  မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ကျော်စွာဝင်းနှင့် အမေရိကန် MMA ဖိုက်တာ ဘရတ်ပါဆတိုရီ ယှဉ်ပြိုင်ထိုးသတ်မည်
Photo: ONE
Photo: ONE
Published 24 June 2024

TGL-7 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ကျော်စွာဝင်းနှင့် အမေရိကန် MMA ဖိုက်တာ ဘရတ်ပါဆတိုရီ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

The Great Lethwei(TGL) အဖွဲ့အစည်းသည် ပြည်တွင်း၌ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို ကျင်းပနေလျက်ရှိပြီး လာမည့်ဇူလိုင် ၇ ရက်တွင် ရန်ကုန်မြို့၌ TGL-7 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်သည်။

The Great Lethwei(TGL) အဖွဲ့အစည်းသည် ယင်း TGL-7 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း ယင်းပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြမည့် Canal+ ရုပ်သံက အဓိကခေါင်ပွဲအဖြစ် ကျော်စွာဝင်းနှင့် အမေရိကန် MMA ဖိုက်တာ ဘရတ်ပါဆတိုရီ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိတွင်  The Great Lethwei(TGL)  အဖွဲ့အစည်းသည် TGL-7 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပမည့်နေရာနှင့် ပါဝင်မည့်တွဲဆိုင်းများကို အတည်ပြုထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

ကျော်စွာဝင်းနှင့် ထိုးသတ်မည့်  အမေရိကန်ဖိုက်တာ ဘရတ်ပါဆတိုရီသည် MMA (၇) ပွဲ ထိုးသတ်ထားရာ (၄) ပွဲနိုင်၊ (၃) ပွဲရှုံးနိမ့်ထားသည်။

ဘရတ်ပါဆတိုရီသည် မြန်မာ့ရိုးရာလက်ဝှေ့သမားများ သွားရောက်ထိုးသတ်နေသည့် ONE Championship က ကျင်းပနေသော ONE Friday Fight ပြိုင်ပွဲတွင် (၂) ပွဲ ထိုးသတ်ခဲ့ဖူးပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။

ဘရတ်ပါဆတိုရီသည် နောက်ဆုံးပွဲအဖြစ် ပြီးခဲ့သည့်မေလအတွင်းက တူရကီပရိုမိုးရှင်း၏ ပြိုင်ပွဲဖြစ်သည့် Khan Fight-4 ပြိုင်ပွဲတွင် အဓိကခေါင်ပွဲအဖြစ် တူရကီဖိုက်တာ အီမရန်နှင့် ဝယ်လ်တာဝိတ်တန်း(ပေါင် ၁၇၀)၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ဘရတ်ပါဆတိုရီသည် အသက်(၂၉) နှစ်ရှိသူဖြစ်ပြီး အရပ်(၅) ပေ (၁၀) လက္မရှိသူဖြစ်ကာ ပုံမှန်ကိုယ်အလေးချိန်(၁၆၀) ပေါင်ဝန်းကျင်ရှိသူဖြစ်ကြောင်း သိရသည်။

ဘရတ်ပါဆတိုရီသည် မြန်မာ့ရိုးရာလက်ဝှေ့ကို တစ်ကြိမ်တစ်ခါမျှ ထိုးသတ်ဖူးခြင်းမရှိသေးဘဲ ကျော်စွာဝင်း နှင့်ပွဲမှာ ပထမဆုံးထိုးသတ်ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စွာဝင်းသည် နောက်ဆုံးပွဲအဖြစ်  ပြီးခဲ့သည့်မတ် ၂၄ ရက်က မန္တလေးမြို့တွင် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲအဖြစ် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ ဖားဆိုလနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ တတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

ကျော်စွာဝင်းသည် ပြီးခဲ့သည့်ဖေဖော်ဝါရီအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့သွားရောက်၍ ခွန်ခမာပြိုင်ပွဲအဖြစ် ထိုင်းနိုင်ငံသားဖိုက်တာ ဖက်ချာဘူရာဖာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရှိခဲ့သည်။

ကျော်စွာဝင်းသည် မြန်မာပြည်ချန်ပီယံဟု သတ်မှတ်ထားကြသည့် သွေးသစ်ဝင်းလှိုင်နှင့် အလဲထိုးစနစ် နှစ်ကြိမ်ထိုးသတ်ထားရာ နှစ်ကြိမ်စလုံး သရေကျထားသည်။

 

Most Read

Most Recent