သံတွဲမြို့နှင့် လေဆိပ်အနီးတွင် တိုက်ပွဲများ ပြင်းထန်နေပြီး မြို့အနီးအနားရှိ ဒေသခံများ စစ်ရှောင်နေရ

သံတွဲမြို့နှင့် လေဆိပ်အနီးတွင် တိုက်ပွဲများ ပြင်းထန်နေပြီး မြို့အနီးအနားရှိ ဒေသခံများ စစ်ရှောင်နေရ
Published 24 June 2024

သံတွဲမြို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး မြို့အနီးအနားရှိ ဒေသခံများ စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ယခုလ လဆန်းပိုင်းမှစတင်ကာ သံတွဲမြို့အနီးရှိ ကျေးရွာများမှ ဒေသခံများမှာ စစ်ဘေးရှောင်နေခဲ့ကြခြင်းဖြစ်သည်။

“လဆန်းပိုင်းကတည်းက မြို့ခံတစ်ချို့နဲ့ အနီးအနားကျေးရွာမှာနေတဲ့သူတွေက စစ်ဘေးရှောင်နေကြပြီ။ အခုက ပိုပြင်းထန်လာတော့ မြို့ခံတွေတော့ မရှှိသလောက်ဖြစ်သွားပြီ။ မနေ့က မြို့ပေါ်မှာရှိတဲ့သူတွေ အကုန်လုံးတော့ စရှောင်ကြတာပေါ့။ ကျန်ရင်တောင် အိမ်စောင့်လောက်ပဲ ကျန်တော့မယ်” ဟု သံတွဲမြို့တွင် နေထိုင်ပြီး စစ်ဘေးရှောင်လာသူတစ်ဦးက ပြောကြားသည်။

ယခင်က သံတွဲမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ စစ်ဘေးရှောင်လာသူများမှာ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် နေထိုင်ခဲ့ခြင်းဖြစ်သည်။

“မြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်တချို့ရှိတယ်။ သူတို့တွေ ဆန်ပြတ်နေတာ၊ ဒီနေ့ သူတို့ရော ပြေးပြီ။ ပြေးရင်တော့ အဆင်ပြေလောက်တယ်။ အဲဒီမှာ ကျန်ခဲ့မယ်ဆိုရင်တော့ ဆန်ပြတ်ဖို့၊ သူတို့ဆီက ပို့ပေးဖို့က မလွယ်ဘူး၊ ပိုက်ဆံလွှဲရင်လည်း ထုတ်စရာ နေရာမရှိဘူး” ဟု သံတွဲမြို့မှ စစ်ဘေးရှောင်လာသူတဦးက ပြောကြားသည်။

လက်ရှိတွင် သံတွဲမြို့ပေါ်တွင် စစ်ဘေးရှောင်သူများက သံတွဲမြို့တောင်ဘက်ရှိ ကျေးရွာများထံ သွားရောက်သူများရှိသကဲ့သို့ ဂွ၊ ကျိန်တလီ အစရှိသည့်မြို့များသို့ စစ်ဘေးရှောင်နေကြသည်ဟု သိရသည်။

“ဂွတို့ ကျိန်တလီတို့ဆိုတာက သံတွဲမြို့ တောင်ဘက်မှာရှိတဲ့မြို့တွေ။ အဲဒီဘက်ကို စစ်ရှောင်ကြတာ။ အခုသိရတာက ဂွတောင်ခပ်လှုပ်လှုပ်ဖြစ်နေပြီလို့ ကြားတယ်” ဟု ဇွန်လဆန်းပိုင်းတွင် စစ်ဘေးရှောင်လာခဲ့သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် နာမည်ကျော် ငပလီကမ်းခြေရှိ ကျေးရွာများတွင် နေထိုင်သူများလည်း စစ်ဘေးရှောင်နေကြပြီး တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟု ယူဆထားခြင်းကြောင့် စစ်ဘေးရှောင်နေကြခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ဘေးရှောင်များအတွက် အဓိကအခက်အခဲမှာ ရိက္ခာပြတ်လပ်မှုများရှိလာနိုင်သည်ဟု ဒေသခံအချို့က ပြောကြားသည်။

“စစ်ရှောင်တွေက စားသောက်ရေးအတွက်က ပြဿနာရှိတယ်။ သံတွဲမှာက ကုန်ပစ္စည်းပြတ်နေတာကြာပြီ၊ အခုလိုဖြစ်တော့ ဆန်ပြတ်နေကြတယ်ပေါ့” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောကြားသည်။

သံတွဲမြို့နှင့် ငပလီကမ်းခြေရှိ ဟိုတယ်များ၊ မိုတယ်များမှာ မေလကတည်းက ပိတ်ထားခြင်းဖြစ်ပြီး မေလပထမပတ်တွင် သံတွဲလေဆိပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပိတ်လိုက်ကာ ပုဂလိကလေကြောင်းလိုင်းများကို ပြေးဆွဲခွင့်ပိတ်ထားခဲ့သည်။

လက်ရှိတွင် သံတွဲလေဆိပ်အား AA က သိမ်းပိုက်ထားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

တယ်လီဂရမ်ချန်နယ်အချို့တွင် သံတွဲလေဆိပ်အနောက်ဖက် မီတာ ၄၀၀ အကွာရှိ ဂေါ့ကျေးရွာ၊ သံတွဲလေဆိပ်မြောက်ဘက် မီတာ ၁၅၀၀၀ ဝေးသည့် တောင်တန်းအနီး၊ သံတွဲလေဆိပ် အရှေ့မြောက်ဘက် မီတာ ၁၅၀၀၀ ဝေးသည့်နေရာများတွင် ဇွန် ၂၃ ရက်က ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ သံတွဲလေဆိပ် အသိမ်းခံရသည်ဆိုသည်မှာ သတင်းမှားများသာဖြစ်သည်ဟု ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရသည်။

သံတွဲမြို့ဖြစ်စဉ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

Most Read

Most Recent