မိုးရာသီတုပ်ကွေးရောဂါ 

မိုးရာသီတုပ်ကွေးရောဂါ 
Published 23 June 2024
ဒေါက်တာလွင်သန့်

 

 

         ခုလိုမိုးရာသီကာလမှာ တုပ်ကွေးရောဂါဖြစ်နေကြပါတယ်။ တုပ်ကွေးရောဂါဖြစ်နေသူက နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါ ထွက်လာတဲ့ အမှုန်အမွှားလေးတွေကို အခြားတစ်ယောက်က တိုက်ရိုက်ရှူမိတဲ့အခါ တုပ်ကွေးဗိုင်းရပ်ပိုး တိုက်ရိုက်ကူးစက်စေပါတယ်။ အချို့တွေမှာတော့ အဲဒီအမှုန်အမွှားတွေက တံခါးလက်ကိုင်မှာ၊ ထိုင်ခုံမှာ စားပွဲမှာကပ်နေမယ်။ အဲဒီနေရာကို လက်နဲ့ကိုင်မိတယ်။ အဲဒီလက်နဲ ့နှာခေါင်းပွတ်မိမယ်ဆိုရင်ဗိုင်းရပ်ပိုးကနှာချေချောင်းဆိုးကတစ်ဆင့် အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်သွားတယ်။သည်လိုနည်းနဲ့ သွယ်ဝိုက်ပြီး ကူးစက်ပါတယ်။

          အများဆုံးကူးစက်တာကတော့ တိုက်ရိုက်ကူးစက်တာများပါတယ်။ အသက် ရှူလမ်းကြောင်းကနေ ကူးစက်တတ်တာကြောင့် အိမ်တစ်အိမ်မှာတစ်ယောက်တုပ်ကွေးရောဂါဖြစ်နေရင်ကျန်တဲ့တစ်အိမ်သားလုံးလည်း တုပ်ကွေးရောဂါဖြစ်ပွားကြပါတယ်။ အများဆုံးကူးစက်တတ်တဲ့အသက်အရွယ်က ၂၁ နှစ်အောက်ကလေးတွေနဲ့ အသက် ၆၅ နှစ်အထက်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ အခံရောဂါရှိသူတွေမှာ ပိုတွေ့ရပါတယ်။

         လက်ကတစ်ဆင့်လည်း ကူးစက်နိုင်တာကြောင့် ချောင်းဆိုးတဲ့အခါ စနစ်တကျချောင်းဆိုးတတ်ဖို့လိုပါတယ်။ ချောင်းဆိုးပြီးတဲ့အခါ အခြားသူတို့ပစ္စည်းတွေမကိုင်တွယ်မီ လက်ကို ရေ၊ဆပ်ပြာတို့နဲ့ စက္ကန့် ၂၀ ကြာပွတ်တိုက်ဆေးကြောဖို့လိုပါတယ်။ ချောင်းဆိုးပြီးတဲ့အခါ အခြားသူကို ပစ္စည်းတွေမကိုင်ကွယ်ခင်လက်အရင်ဆေးဖို့လိုပါတယ်။ တုပ်ကွေးဖြစ်သူအနားမှာ နေတဲ့သူတွေ၊ ပြုစုပေးသူတွေက လက်မကြာခဏဆေးရပါမယ်။ လူထူတဲ့နေရာမှာ အလွယ်တကူချောင်းဆိုးလိုက်တာ၊

နှာချေလိုက်တာက ကိုယ်ကနေ အခြားလူအများကြီးကို ဗိုင်းရပ်ပိုးတွေ ကူးစက်သွားစေပါတယ်။ ဒါကြောင့်တုပ်ကွေးဖြစ်နေရင်လူထူထပ်တဲ့နေရာတွေကိုမသွားဘဲအိမ်မှာပဲနားနားနေနေနေသင့်ပါတယ်။ ကျောင်းသားဆိုရင်လည်း ကျောင်းမသွားဘဲ ခွင့်တိုင်တာ၊ ရုံးသမားဆိုရင်လည်းရုံးမတက်ဘဲ ခွင့်ယူလိုက်တာတွေ လုပ်တာက ကူးစက်ခံရမှုနည်းပါတယ်။

         ရာသီတုပ်ကွေးရောဂါမှာ အင်ဖလူဝင်တာ (InFluenzae) ဗိုင်းရပ်အေ၊ ဘီိ၊ စီ၊ ဆိုပြီး ခွဲခြားထားပါတယ်။ အေအောက်မှာ (H1,N1) နဲ့ (H3,N2) ဆိုပြီး လူတွေကြားမှာ အဓိကကူးစက်တဲ့မျိုးစိတ်နှစ်မျိုး ထွက်လာပါတယ်။ ဘီ (B) မှာလည်း မျိုးစိတ်တွေများပါတယ်။ စီ (C) ကတော့ ကူးစက်တာနည်ပါတယ်။ ရံဖန်ရံခါသာ ကူးစက်တတ်ပါတယ်။

          ရာသီတုပ်ကွေးကအေးတဲ့နိုင်ငံတွေမှာ၊ အေးတဲ့ဆောင်းရာသီမှာ ဖြစ်ပွားလေ့ရှိပါတယ်။ အပူပိုင်းဒေသမှာရှိတဲ့မြန်မာနိုင်ငံလိုနိုင်ငံမှာတော့စိုစွတ်တဲ့မိုးရာသီမှာ အဖြစ်များပါတယ်။ မိုးကျပြီဆိုတာနဲ့ တုပ်တွေးဗိုင်းရပ်ပိုးတွေပါလာပြီး မိုးကုန်တာနဲ့ ဗိုင်းရပ်ပိုးတွေ မရှိတော့ပါဘူး။ တစ်နှစ်ပတ်လုံး အခြားဗိုင်းရပ်ပိုးတွေရှိနေပေမဲ့ မိုးတွင်းမှာ အဓိကကမြန်မာနိုင်ငံအနေနဲ့တွေ့ရတာက ကလေးတွေမှာ သွေးလွန်တုပ်ကွေးရောဂါ၊ လူကြီးတွေရော ကလေးတွေရော ဖြစ်နိုင်တာက ရာသီတုပ်ကွေး အဲဒီနှစ်ခုက မိုးကျပြီဆိုတာနဲ့တစ်ပြိုင်နက်တည်း တွေ့ရပါတယ်။

           တုပ်ကွေးရောဂါလက္ခဏာတွေက တုပ်ကွေးဗိုင်းရပ်ပိုး စတင်ကူးစက်ခံရပြီး နှစ်ရက်အတွင်း တုပ်ကွေးလက္ခဏာဖြစ်ပေါ်ပါတယ်။ ရုတ်တရက်ချမ်းတုန်ပြီးဖျားမယ်။ ချောင်းဆိုးတယ်။ ခေါင်းကိုက်တယ်။ အဆစ်အမြစ်တွေနဲ့ကြွက်သားတွေနာမယ်။ လုံးဝမလှုပ်ချင်ဘူး။ အိပ်ရာထဲကွေးနေချင်တယ်။ လည်ပင်းနာတယ်။ နှာစေးတယ်။ ချောင်းဆိုးတာကစဆိုတဲ့အချိန်ကနေ နှစ်ပတ်၊ သုံးပတ်လောက်အထိကြာသွားနိုင်တယ်။ ရောဂါဖြစ်ပြီးရင်အများစုက လိုအပ်တဲ့ဆေးဝါး သောက်သုံးလိုက်ရင် တစ်ပတ်နှစ်ပတ်အတွင်း သူ့ဘာသာကောင်းနိုင်တယ်။

           ရောဂါအခံတစ်ခုခုရှိနေသူတွေမှာ တုပ်ကွေးရောဂါက ပိုဆိုးနိုင်တယ်။ ကိုယ်ခံအားမကောင်းဘူး။ နာတာရှည်ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ အိပ်ခ်ျအိုင်ဗီ (HIV/AIDS) ရောဂါရှိသူတွေမှာ နဂိုကတည်းက ကိုယ်ခံအားနည်းနေတာကြောင့် တော်တော်နဲ့နာလန်မထူဘဲ တစ်ခါတစ်ရံအသက်သေဆုံးတဲ့အထိဖြစ်တတ်ပါတယ်။ အသက် ၆၅ နှစ်ကျော်နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါရှိသူ လူကြီးတွေ (H3N2) တုပ်ကွေးဗိုင်းရပ်ကူးစက်ပြီးနောက် အဆုတ်အလုပ်မလုပ်နိုင်လို့ အသက်အန္တရာယ်ကြုံခဲ့ဖူးတယ်။

               တုပ်ကွေးဗိုင်းရပ်ကနှစ်စဉ်မျိုးဗီဇပြောင်းနေတာကြောင့် နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးနှံသွားဖို့လိုအပ်ပါတယ်။ ယခုနှစ်ကူးစက်တာ (H1,N1) ဖြစ်ပြီး ပြီးခဲ့တဲ့သုံးနှစ်က ကူးစက်တာ (H3,N2) ဗိုင်းရပ်ပိုးဖြစ်ကာ သက်ကြီးအတော်များများ အသက်ဆုံးရှုံးတာ သတိထားမိကြပါတယ်။ တစ်ကမ္ဘာလုံးမှာ တုပ်ကွေးရောဂါကြောင့် သေဆုံးသူတွေဟာ ရာသီတုပ်ကွေးကြောင့်ပဲ သေဆုံးကြရတာများပါတယ်။ ကြက်ငှက်တုပ်ကွေး (A/H5 N1) ကြောင့် သေဆုံးနှုန်းက ရာသီတုပ်ကွေးကြောင့် သေဆုံးနှုန်းလောက်မများပါဘူး။

           တုပ်ကွေးဖြစ်တိုင်း ဆေးတူတစ်ပုံစံတည်းတိုက်ဖို့မလိုပါဘူး။ ကိုယ်ခံအားကောင်းတယ်။ အခြားအခံရောဂါတွေလည်းမရှိဘူးဆိုရင် တုပ်ကွေးရောဂါအတွက်ဆေးဝါးတွေ သီးသန့်သုံးစရာမလိုပါဘူး။ အဖျားကျဆေး (ပါရာစီတမော Paracetamol)၊ နှာစေးပျောက်ဆေး (Cetrine)၊ ချောင်းဆိုးပျောက်ဆေး (Salbutamol)သောက်ရုံနဲ့ သက်သာပျောက်ကင်းပါတယ်။ မသက်သာဘူးဆိုရင်တော့ ဗိုင်းရပ်ပိုးနှစ်မျိုးကို ကာကွယ်တားဆီးတဲ့ အင်တီဗိုင်းရပ် (Antivirus) ဆေးရှိပါတယ်။ အင်အေအိုင်အက် (NAIs-Neuraminidase inhibitors) နဲ ့အော်စတယ်မီဘာ (OSeltamivir-Tormiflu) တွေရှိပါတယ်။ ကိုယ့်လူနာက တုပ်ကွေးဖြစ်ပြီး တော်တော်နဲ့နလန်ထူဖို့ခက်ခဲမယ်။ ဆေးတွေဝယ်ဖို့လည်း လက်လှမ်းမီတဲ့အနေအထားမျိုးဖြစ်တယ်ဆိုရင်လိုအပ်ရင် သုံးစွဲနိုင်ပါတယ်။

             မြန်မာနိုင်ငံကို အိမ်နီးချင်းနိုင်ငံကနေ တုပ်ကွေးရောဂါပိုးသယ်ဆောင်လာတယ်။ အချို့တွေက နိုင်ငံခြားမှာ တုပ်ကွေးကုသဖို ့ဆေးတွေသုံးစွဲခဲ့ကြတယ်။ဒါကြောင့်မြန်မာနိုင်ငံမှာ တုပ်ကွေးအတွက် ဗိုင်းရပ်ပိုးအတွက်ဆေးတွေသုံးစွဲတာမျိုးမရှိပေမဲ့ သုတေသနအရတွေ့ရှိရတဲ့တုပ်ကွေးဗိုင်းရပ်ပိုးတွေကေ ဆးယဉ်ပါးနေတာကိုတွေ့ရပါတယ်။ ကိုယ်ကဆေးမသုံးစွဲဖူးပေမဲ့ ကိုယ့်ဆီမှာတွေ့ရတဲ့တုပ်ကွေးဗိုင်းရပ်ကဆေးယဉ်ပြီးသားဖြစ်နေတာကို တွေ့ရပါတယ်။

               တုပ်ကွေးကာကွယ်ဆေးကို ထုတ်လုပ်တဲ့အခါ သည်လိုနှစ်စဉ်ဖြစ်ပွားတဲ့တုပ်ကွေးဗိုင်းရပ်တွေကို သုတေသနပြုလုပ်ပြီး နောင်နှစ်မှာ ထွက်လာနိုင်တဲ့ပိုမိုကြိုတင်တွက်ချက်ကာ ထုတ်ထားတဲ့ဆေးဖြစ်ပါတယ်။ အရင်က တုပ်ကွေးကာကွယ်ဆေးက အေ (A) ဘက်ကမျိုးစိတ်နှစ်မျိုးနဲ့ ဘီ (B) ဘက်ကမျိုးစိတ်တစ်မျိုးကို ကာကွယ်တဲ့ သုံးမျိုးပေါင်းထားတဲ့ တုပ်ကွေးဆေး (Trivalent) ဆိုပြီး ထုတ်လုပ်ထားပါတယ်။ အခုဆိုရင်အေ (A) ဘက်ကနှစ်ခုနဲ့ ဘီ(B) ဘက်ကနှစ်ခုပေါင်းထားတဲ့ (Tetravalent) ဆိုပြီး ပေါ်လာပါတယ်။

          ဖြစ်လေ့ဖြစ်ထရှိတဲ့ ဗိုင်းရပ်ပိုးလေးမျိုးကို ကာကွယ်တဲ့ဆေးတွေပေါ်လာပြီး အရင်က ကမ္ဘာရဲ့မြောက်ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းဆိုပြီး ဖြစ်ပွားမှုများတာအပေါ်မူတည်တာ ထုတ်လုပ်ထားကြတာဖြစ်ပါယ်။ ယခုနောက်ပိုင်းတော့ မြောက်ဘက်နဲ့တောင်ဘက်မှာဖြစ်ပွားတာက သိပ်မကွာတော့ အားလုံးလိုလိုအတူတူဖြစ်နေပါတယ်။ ဒါကြောင့်ပြင်သစ်ကုမ္ပဏီထုတ် ဗယ်ဆီဂရစ်တတ်ထရာ (Vaxigrip Tetra) ဆိုပြီး မြန်မာနိုင်ငံကို (DKSH) ကုမ္ပဏီကနေတစ်ဆင့်တင်သွင်းတာရှိပါတယ်။ တစ်လုံးကျပ်လေးသောင်းနှစ်ထောင်နဲ့ တစ်ဦးချင်း ထိုးနှံကာကွယ်ထားနိုင်ပါပြီ။

           တုပ်ကွေးရောဂါဟာ တုပ်ကွေးဗိုင်းရပ် (Influenzae A/H1,N1) ကြောင့်ဖြစ်ပွားတာအများစုဖြစ်ပြီး ရောဂါလက္ခဏာတွေက ဖျားခြင်း၊နှာစေးခြင်း၊ချောင်းဆိုခြင်း၊ အာသီးရောင်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းဖြစ်ကာ (၁-၄) ရက်ကြာဖျားနေပြီး အလိုလိုပျောက်နိုင်ပါတယ်။

တစ်ပတ်အထိကြာနိုင်ပါတယ်။ ရာသီတုပ်ကွေးကာကွယ်ဆေးနှစ်စဉ်ထိုးနှံခြင်းက တုပ်ကွေးရောဂါကနေ ကာကွယ်နိုင်ပါတယ်။တစ်နှစ်ကိုရာသီတုပ်ကွေးကြောင့်သေဆုံးသူ ၆၅၀၀၀၀ ခန့်ရှိပါတယ်။ ဂျပန်သုတေသီတွေကတော့ နောက်တစ်ခါကပ်ရောဂါဖြစ်နိုင်ခြေရှိတဲ့ရောဂါက ရာသီတုပ်ကွေး (A/H1,N1) ရောဂါဖြစ်ပြီး ကြက်ငှက်တုပ်ကွေး (H3,N1) ကတစ်ဆင့်ဝက်တုပ်ကွေး (Swim Flu) ကနေ လူကိုကူးစက်ခံရပါတယ်။ ဒါကြောင့်တိရစ္ဆာန်မွေးမြူရာမှာ စနစ်တကျ ဇီဝလုံခြုံမှုရယူပြီးမွေးမြူသင့်ပါတယ်။        

Most Read

Most Recent