စားအုန်းဆီ စျေးကွက်ကို ဘယ်လိုထိန်းချုပ်မလဲ

စားအုန်းဆီ စျေးကွက်ကို ဘယ်လိုထိန်းချုပ်မလဲ
Published 23 June 2024
ဇော်မင်းနိုင်

ဇွန်လဆန်းပိုင်းမှ စတင်ပြီး စားအုန်းဆီ စျေးကွက်အတွင်း ပြင်ပပေါက်စျေးမှာ တစ်ပိဿာလျှင် ကျပ်တစ်သောင်းကျော်သို့ ရောက်ရှိလာခဲ့သည်ဟု စားအုန်းဆီသုံးစွဲနေသည့် အခြေခံပြည်သူများက ပြောကြား သည်။

“တဖြည်းဖြည်းတက်လာတယ်လို့ပြော ရမယ်။ အရင်တုန်းကပြင်ပစျေးက ရည်ညွှန်း စျေးနဲ့ ဘယ်လောက်မှမကွာဘူး။ နှစ်ထောင် ဆိုတာအများဆုံးပဲ။ အပြင်မှ ခုနစ်ထောင်၊ ရှစ်ထောင်လောက်ပဲရှိတာ။ ဒီလဆန်းပိုင်း မှာ တက်သွားတယ်။ တိတိကျကျဆိုရင် ၁၅ ရက်နေ့ နောက်ပိုင်းလောက်မှာ စျေးတက် သွားတယ်” ဟု မြောက်ဒဂုံမြို့နယ်တွင်နေ ထိုင်သူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းသုံးစွဲလျက်ရှိသည့် စားအုန်း ဆီများမှာ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ မှ တင်သွင်းလျက်ရှိပြီး အများစုမှာ အင်ဒိုနီး ရှားနိုင်ငံမှ ဖြစ်သည်။

စားအုန်းဆီကို အများပြည်သူသုံး စား အုန်းဆီနှင့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီဟု နှစ်မျိုးခွဲခြား၍ တင်သွင်းလျက်ရှိသည်။

အများပြည်သူသုံး စားအုန်းဆီကို တစ် လလျှင် တန်ချိန်လေးသောင်းကျော်တင် သွင်းလျက်ရှိပြီး စက်မှုလုပ်ငန်းသုံးစားအုန်း ဆီများကို တစ်လလျှင် တန်ချိန်တစ်သောင်း ကျော် တင်သွင်းလျက်ရှိကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက စားအုန်းဆီအခြေခံရည် ညွှန်းစျေးကို အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိ ပြီး စျေးကွက်အတွင်းရောင်းချရန် ညွှန်ကြား ခဲ့သည်။

သို့သော်နောက်ပိုင်းတွင် အမြတ်တင် ရောင်းချမှုများရှိလာသဖြင့် ယခုနှစ် မေ ၈ ရက်တွင် ရည်ညွှန်းစျေးကို သယ်ယူပို့ဆောင် စရိတ်များထပ်ပေါင်းပြီး အမြတ်နှစ်-ရာခိုင် နှုန်းသာ တင်ရောင်းရန် စားသုံးသူရေးရာဦး စီးဌာနက ညွှန်ကြားခဲ့သည်။

ပြည်တွင်းစျေးကွက်အတွင်း စားအုန်း ဆီများကို ၀ိသမလောဘဖြင့် စျေးနှုန်းမြှင့် တင်ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင်  မသမာ သည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေး ကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ ထိ ရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်သည်ဟု စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ထား သည်။

ထို့ပြင် စားအုန်းဆီကို သယ်ယူပို့ဆောင် စရိတ်နှင့် အမြတ်နှစ်-ရာခိုင်နှုန်းသာတင်ပြီး ရောင်းချရန်နှင့် အခြားဆီများ ရောနှော ရောင်းချခြင်းမပြုရန် မြန်မာနိုင်ငံ ဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်အသင်းကလည်း ထုတ်ပြန်သည်။

လက်ရှိစျေးကွက်အတွင်း ရန်ကုန်တိုင်း အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အ သီးသီးရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချသူ အချို့သည် အပတ်စဉ် သတ်မှတ်ရည်ညွှန်း စျေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့်သယ်ယူ စရိတ်များအပြင် အမြတ်ရာခိုင်နှုန်းမြင့်မား စွာ ထပ်ဆောင်းရောင်းချမှုများ ရှိနေသည်ကို  သိရှိရသည်ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့်  ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စား အုန်းဆီ ဖြန့်ဖြူးရောင်းချသူများအနေဖြင့် အပတ်စဉ် သတ်မှတ်ရည်ညွှန်းစျေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူစရိတ်နှင့် အမြတ် နှစ်-ရာခိုင်နှုန်းသာ ထပ်ဆောင်း ရောင်းချကြရန်၊ စျေးကစားရန် ရည်ရွယ်ချက် ဖြင့် သိုလှောင်ခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်း ချခြင်း၊ မသမာသောရည်ရွယ်ချက်ဖြင့်အခြား ဆီများနှင့် ရောနှောရောင်းချခြင်းများ မပြု လုပ်ကြရန် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် စက်မှုလုပ်ငန်းသုံးအတွက် ဝယ် ယူတင်သွင်းလာသော စားအုန်းဆီများကို ဝယ်ယူသုံးစွဲသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းများတွင်သာ အမှန်တကယ် သုံးစွဲကြရန်နှင့် ပြင်ပသို့ပြန်လည်ရောင်းချ ခြင်းမပြုလုပ်ရန် အလေးအနက်ထား တိုက် တွန်းအသိပေးကြောင်း ဆီလုပ်ငန်းရှင်များအ သင်းက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းအနေဖြင့် ပြည်တွင်း စားသုံးဆီ ဖူလုံစေရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများ တင်သွင်းနိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အသင်းအ ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည် ဟု အသင်းက ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၄ မြို့ နယ်အတွက် တစ်ရက်လျှင် ဆီပီပါ ၂၆၀၀ ကျော်ဖြန့်ဖြူးပေးနေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံး သူ ရေးရာဦးစီးဌာန ရန်ကုန်တိုင်းဦးစီးမှူး ဦးကျော်ကျော်လွင်က ပြောကြားသည်။

“တစ်ရက်ကို ရန်ကုန်တိုင်းမှာဆိုရင် ဆီပီပါ ၂၆၆၀။ ဒါက ၄၄ မြို့နယ်အတွက် ပေါ့။ မြို့နယ်အလိုက်လူဦးရေ၊ ဝန်ထမ်းအင် အား။ အဲဒီမှာမှ ဒီအကြော်လုပ်ငန်းလေးတွေ၊ လက်ဖက်ရည်ဆိုင်အပါအဝင် ဘာသာရေး အလိုက် အဖွဲ့အစည်းတွေအတွက်ပါတိုင်းဒေ သကြီးအစိုးရနဲ့ သတ်မှတ်ပြီးတော့ importer ကုမ္ပဏီတွေကနေ သူတို့အစီအစဉ် နဲ့ မြို့နယ် အလိုက် ဖြန့်ခွဲပါတယ်။ အဲဒီကမှ ခုနကလက် လီလက်ကားဆိုင်တွေကို ကျွန်တော်တို့ စီးပွား ကူးသန်းဝန်ကြီးဌာနရဲ့ အပတ်စဉ်ထုတ်ပြန် ပေးတဲ့ ရည်ညွှန်းစျေးနဲ့ သယ်ဆောင်စရိတ် အပြင် အမြတ် နှစ်-ရာခိုင်နှုန်းယူပြီး ရောင်းချ ပေးဖို့ဖြစ်ပါတယ်” ဟု ဦးကျော်ကျော်လွင်က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကစားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများအ တွက် နိုင်ငံခြားငွေများကို ၃၅ ရာခိုင်နှုန်း၊ ၆၅ ရာခိုင်နှုန်းဖြင့် ရောင်းချပေးနေသည်ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းကပြောကြား သည်။

“ ၃၅ ရာခိုင်နှုန်းကို ၂၁၀၀ နဲ့ ရောင်းပေး တယ်။ ကျန်တဲ့ ၆၅ ရာခိုင်နှုန်းကို အွန်လိုင်း trading ကနေ ရောင်းပေးတယ်။ အဲဒါက လည်း ၃၃၀၀ ဝန်းကျင်လောက်ပဲရှိတယ်။ အဲဒီစျေးနှုန်းတွေနဲ့ ဒေါ်လာကို ရောင်းချပေး နေတယ်။ အခုက ပြင်ပမှာ ကြားနေရတာက နိုင်ငံတော်ကနေ တင်သွင်းလာတဲ့စားသုံးဆီ တွေကို စျေးနှုန်းကို နိုင်ငံခြားငွေပေါက်စျေးနဲ့ မချိန်ဘဲနဲ့ မတရားသတ်မှတ်ပြီး နှိမ်ပြီးရောင်း ချခိုင်းနေတယ်ကြားရတယ်။ အဲဒါက မဟုတ် ဘူး။ ဘာလို့မဟုတ်ဘူး ပြောရလဲဆိုရင် စား အုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီကို ၃၅ ရာခိုင် နှုန်းကို ၂၁၀၀ နဲ့ ရောင်းပေးထားတယ်။ ကျန် တာကိုလည်း ရောင်းပေးထားတယ်။ ၆၅ ရာခိုင်နှုန်းကိုလည်း ၃၃ ဝန်းကျင်နဲ့ ဗဟိုဘဏ် ရည်ညွှန်းစျေးအတိုင်း ရောင်းပေးထားတယ်။ အဲဒီနှစ်ခုကို ပျမ်းမျှတွက်ချက်မယ်ဆိုရင် စား အုန်းဆီ တစ်ပိဿာရည်ညွှန်းသတ်မှတ်စျေး နှုန်းက သက်ဆိုင်ရာ စရိတ်စကတွေ အကုန် ပေါင်းလိုက်မယ်ဆိုရင် စားအုန်းဆီသွင်းရင် သင်္ဘောသယ်ခတွေ၊ အခွန်ဆောင်ခတွေ ကျန်တဲ့စရိတ်တွေ အကုန်ပေါင်း အဲဒါတွေ အားလုံးပေါင်းပြီးတော့မှ နှစ်-ရာခိုင်နှုန်းအ မြတ်ယူဖို့ သတ်မှတ်ပေးထားတာ” ဟု ဥက္ကဋ္ဌ ဦးဆန်းလင်းကပြောကြားသည်။

ဒေါ်လာရောင်းချပေးရာတွင် ပြည်ပမှ စားအုန်းဆီများကို သယ်ဆောင်လာသည့် သင်္ဘောများရောက်ရှိလာပါကအစိုးရက ယင်းသို့ ရောင်းချပေးနေခြင်းဖြစ်သည်ဟု ၎င်းင်းက ဆက်လက်ပြောကြားသည်။

“သင်္ဘောတစ်စင်းရောက်ရင် တစ်ခါ ရောင်းပေးတယ်။ သင်္ဘောရောက်တိုင်းရောင်း ပေးတယ်။ သင်္ဘောထွက်လာပြီဆို လိုင်စင် လျှောက်ရတယ်။ လျှောက်တဲ့အချိန်မှာ ၃၅ ရာခိုင်နှုန်းရောင်းပေးတယ်။ ပြီးရင် ၆၅ ရာခိုင် နှုန်းကို ထပ်ရောင်းပေးတယ်” ဟု ဦးဆန်းလင်း က ပြောကြားသည်။

စားအုန်းဆီစျေးနှုန်းများကို လက်ရှိတွင် သယ်ယူပို့ဆောင်ခစရိတ်၊ အခွန်ဆောင်ခအ စရှိသည်တို့ကိုပေါင်းပြီး အမြတနှစ်-ရာခိုင် နှုန်းသာယူရန် သတ်မှတ်ထားသည်။

          “တစ်ဆင့်ပြန်လည်ရောင်းချတဲ့သူတွေ အတွက်လည်း မှန်မှန်ကန်ကန်နဲ့ နှစ်-ရာခိုင် နှုန်း အမြတ်ယူရောင်းချပေးရင် ကျွန်တော်တို့ အတွက် win – win ပါပဲ” ဟု မြန်မာနိုင်ငံဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းကပြောကြားသည်။

          လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း စား အုန်းဆီကို စျေးနှုန်းမြှင့်တင်ရောင်းချသူ ခုနစ်ဦးကို အရေးကြီးကုန်စည်ဥပဒေဖြင့်အ ရေးယူထားသည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူ ရေးရာ ဦးစီးဌာန ရန်ကုန်တိုင်းဦးစီးမှူး ဦးကျော်ကျော် လွင်က ပြောကြားသည်။

          “စားအုန်းဆီက အရေးကြီးကုန်စည်အ ဖြစ်သတ်မှတ်ထားတဲ့အတွက် အရေးကြီးကုန် စည်နဲ့ပဲ တရားစွဲဆိုဆောင်ရွက်ခဲ့တာ ရန်ကုန် တိုင်းမှာ ခုနစ်မှုလောက်ရှိပါတယ်။ ဆောင် ရွက်နေပါတယ်။ လက်ရှိလည်း သတ်မှတ်ထား တဲ့ရည်ညွှန်းစျေးအတိုင်းမရောင်းရင် အရေး ကြီးကုန်စည်နဲ့ အရေးယူမယ်ဆိုတာ အသိပ ညာပေးထားပါတယ်” ဟု ဦးကျော်ကျော်လွင် က ပြောကြားသည်။

          ဇွန် ၂၀ ရက်ကလည်း လက်လီလက်ကား ရောင်းချသူ ၄၀၀ ကျော်ကို စျေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုရန် ခေါ်ယူအသိပေးခဲ့သည် ဟု ဦးကျော်ကျော်လွင်က ပြောကြားသည်။

          “လက်ရှိမှာလည်း သတ်မှတ်ထားတဲ့ ရည်ညွှန်းစျေးအတိုင်း မရောင်းဘူးဆိုရင် ကျွန်တော်တို့က အရေးကြီးကုန်စည်ဥပဒေနဲ့ အရေးယူမယ်ဆိုတာကို ဇွန် ၂၀ ရက်ကပဲ ကျွန်တော်တို့ UMFCCl မင်္ဂလာခန်းမမှာ လက်လီလက်ကားရောင်းချသူ ၄၀၀ ကျော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန် ကြီး ဦးဆောင်ပြီး အသိပေးရှင်းလင်းမှာကြား ထားတယ်” ဟု ဦးကျော်ကျော်လွင်က ပြော ကြားသည်။

          လက်ရှိတွင်လည်း မြေပြင်ကွင်းဆင်းစစ် ဆေးမှုများကို သက်ဆိုင်ရာမြို့နယ်အထွေ ထွေအုပ်ချုပ်ရေး၊ စည်ပင် အစရှိသည့်အဖွဲ့ များနှင့် လုပ်ဆောင်ကာ လိုက်လံစစ်ဆေးမှု များ ပြုလုပ်နေသည်ဟု ဦးကျော်ကျော်လွင်က ပြောကြားသည်။

          လက်ရှိတွင် စားအုန်းဆီ ပြင်ပပေါက် စျေး တစ်ပိဿာကျပ်တစ်သောင်းကျော်ဖြစ် နေရာ အခြေခံလူတန်းစားများအတွက် ထိခိုက်နစ်နာမှုများ ရှိလာနေပြီဖြစ် သည်။

          “ဆီဖိုးနဲ့တင် ကျွန်မရဲ့စျေးအသုံးစရိတ် က ကုန်နေပြီ။ စျေးတွေတက်နေတော့ဘယ် လိုမှ အဆင်မပြေတော့ဘူး” ဟု မြောက်ဒဂုံ မြို့နယ်တွင် နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

 

Most Read

Most Recent