ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မယ်ပကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်တွင် ဘတ်တစ်သန်းခန့်တန်ဖိုးရှိ စစ်အသုံးအဆောင်ပစ္စည်းများ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မယ်ပကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်တွင် ဘတ်တစ်သန်းခန့်တန်ဖိုးရှိ စစ်အသုံးအဆောင်ပစ္စည်းများ ဖမ်းဆီးရမိ
Published 13 June 2024

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မယ်ပကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်တွင် ဇွန် ၁၁ ရက် ညနေက ဘတ်တစ်သန်းခန့်တန်ဖိုးရှိ စစ်အသုံးအဆောင်ပစ္စည်းများအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့က  ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းဘက်မှလာသည့် သတင်းများအရ သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၁ ရက် ညနေပိုင်းအချိန်က မဲဆောက်မြို့နယ် မယ်ပကျေးရွာရှိ ရာ့ချ်မနူအထူးတပ်ဖွဲ့တပ်မှူးပါဝင်သည့် မဲဆောက်လှဲ့ကင်းရဲတပ်ဖွဲ့၊ မဲဆောက်အုပ်ချုပ်ရေးတာဝန်ရှိသူများပါဝင်သည့် အကောက်ခွန်စစ်ဆေးရေးအဖွဲ့တို့မှ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများလုပ်ဆောင်နေစဉ် ပုဂ္ဂလိကပို့ဆောင်ရေးကုမ္ပဏီတစ်ခု၏ ကားတစ်စီးပေါ်၌  စစ်အသုံးအဆောင်ပစ္စည်းမျိုးစုံကို တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိသည့် စစ်အသုံးအဆောင်ပစ္စည်းများမှာ စစ်ဘက်သုံးကျည်ကာအကျႌ၊ စစ်ဘက်သုံးကျည်ကာဦးထုပ်၊ UV 8000 D အမျိုးအစား ဆက်သွယ်ရေးစကားပြောစက်၊ M -16 ကျည်ဆံ၊ စစ်ဝတ်စုံ၊ စစ်သုံးဖိနပ်အစရှိသည့် ပစ္စည်းများဖြစ်ကြောင်းနှင့် ယင်းပစ္စည်းများ၏ ကာလတန်ဖိုးမှာ ဘတ်တစ်သန်းခန့်တန်ဖိုးရှိကြောင်း သိရသည်။

အဆိုပါစစ်အသုံးအဆောင်ပစ္စည်းများ ထုပ်ပိုးထားသည့် အထုပ်များပေါ်တွင် မယ်ဟောင့်ဆောင်ခရိုင်၊ မယ်စလီယန်မြို့နယ်ဘက်သို့ ပို့ဆောင်ရန် လိပ်စာရေးသားထားထားကြောင်းနှင့် မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်မည့် ပစ္စည်းများဖြစ်ကြောင်းကို ဖော်ပြထားခြင်းမရှိသော်လည်း ကျည်ကာအကျႌများအတွင် ပြည်သူ့ကာကွယ်ရေးတပ် PDF အမှတ်တံဆိပ် အနီရောင်နောက်ခံ၊ ကြယ်ဖြူဘတ်တံဆိပ်များ တပ်ဆင်ထားသည်ကို တွေ့ရကြောင်း ထိုင်းသတင်းများက ဆိုသည်။

ဖမ်းဆီးရမိသည့် စစ်အသုံးအဆောင်ပစ္စည်းများအား ပိုင်ရှင်မဲ့အဖြစ်သိမ်းဆည်းသွားမည်ဖြစ်ကြောင်းနှင့် တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent