■ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းများ မိတ်ဆက်

■ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းများ မိတ်ဆက်
Photo: Germany Football Team
Photo: Germany Football Team
Published 13 June 2024

■ ဂျာမနီ

♦ သမိုင်းကြောင်း

ယူရိုပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းဖြစ်သည့် ဂျာမနီသည် ပထမဆုံး ပြိုင်ပွဲသုံးကြိမ်ကို မယှဉ်ပြိုင်ခဲ့သည်မှအပ ကျန်ပြိုင်ပွဲတိုင်းကို ဝင်ရောက်ယှဉ်ပြိုင်ထားသည့်အသင်းဖြစ်သည်။ သို့သော်လည်း ယူရို-၉၆ ပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်စွဲထားပြီးနောက် ချန်ပီယံဆုနှင့် ဝေးကွာနေသည်မှာ ဆယ်စုနှစ် သုံးခုနီးပါး ရှိလာခဲ့သည်။ နောက်ဆုံးချန်ပီယံဖြစ်ခဲ့သည့်နောက်ပိုင်း ဂျာမနီအသင်းအနေဖြင့် ယူရိုပြိုင်ပွဲ (၆)ကြိမ်တွင် ၂၀၀၈ ပြိုင်ပွဲတစ်ကြိမ်သာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည်။ အခြားပြိုင်ပွဲ (၅)ကြိမ်တွင် ယူရို-၂၀၁၂၊ ၂၀၂၆ ပြိုင်ပွဲ နှစ်ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သော်လည်း အုပ်စုက လှည့်ပြန်ရသည်က (၂) ကြိမ်၊ (၁၆)သင်းအဆင့်က လှည့်ပြန်ရသည်က (၁)ကြိမ် ရှိခဲ့သည်။ အသင်းအရှိန်အဝါက (၂၀)ရာစုကဲ့သို့ မရှိတော့သည့် အနေအထားသို့ ရောက်ရှိခဲ့ရသည်။

လက်ရှိအခြေအနေ

ယူရိုပြိုင်ပွဲ အိမ်ရှင် ဂျာမနီအသင်းအနေဖြင့် အိမ်ရှင်အားသာချက်အပြင် တိုနီကရို့စ် လက်ရွေးစင်အသင်းအတွက် နောက်ဆုံးပြန်ကစားပေးခြင်းက အသင်းလိုက်စိတ်ခွန်အားပါ တိုးတက်သွားစေခဲ့သည်။ ထိုအချက်ကို ကရို့စ် ပွဲထွက်ကစားခဲ့သော  ပြင်သစ်၊ နယ်သာလန်အသင်းများကို အနိုင်ရခဲ့သည့် ခြေစမ်းပွဲများတွင် အထင်းသား မြင်တွေ့ခဲ့ရသည်။ ယင်းနှစ်ပွဲစလုံးတွင် အသုံးပြုသည့် Line-up ကိုပင် နည်းပြ နာဂယ်စ်မန်းက ယူရိုပြိုင်ပွဲတွင် ဆက်လက်သုံးစွဲသွားမည်မှာ သေချာသလောက်ရှိနေသည်။ ယင်း ပွဲထွက်စာရင်းကလည်း ဂျာမနီအသင်းအတွက် လက်ရှိအဖြစ်သင့်ဆုံး၊ အသင့်တော်ဆုံးဟုပင် ပြောရမည်။ အဓိကအားနည်းချက်ဖြစ်လာနိုင်သည်က No.9 Role ဖြစ်ပြီး ဒေါ့မွန်တိုက်စစ် မှူး ဖယ်ခုထက် ဟာဗက်ဇ်ကို False 9 ကစားစေသည်ကို နည်းပြ ဖြစ်သူက ပိုနှစ်သက်နေသည်။ မည်သို့ပင်ဖြစ်စေ လက်ရှိစုဖွဲ့မှုက ၂၀၁၈ ကမ္ဘာ့ဖလားကတည်းက နိမ့်ကျလာသည့် အသင်းစွမ်းဆောင်ရည်ထက် ပိုမည်မှာ အသေအချာပင်ဖြစ်သည်။

အုပ်စုအလားအလာ

အုပ်စုအနေအထားအရမူ ဂျာမနီအသင်းအတွက် အခက်အခဲမရှိနိုင်သည့်အုပ်စုဖြစ်သည်။ ပထမပွဲတွင် စကော့တလန်၊ ဒုတိယပွဲတွင် ဟန်ဂေရီအသင်းနှင့် ကစားရပြီး နောက်ဆုံးပွဲကျမှ ဆွစ်ဇာလန်အသင်းနှင့် တွေ့ဆုံနေသည်က ဂျာမနီအသင်းအနေဖြင့် အမှားအယွင်းဖြစ်နိုင်ခြေ အတော်လေးနည်းပါးသွားသည်။ အုပ်စုပထမနေရာရလျှင် ဗိုလ်လုပွဲလမ်းကြောင်းတွင် ရေပန်းအစားဆုံးနှစ်သင်းဖြစ်သည့် အင်္ဂလန်၊ ပြင်သစ်အသင်းများကို ရှောင်နိုင်ခြေများနေသော အခြေအနေကလည်း ဂျာမနီအသင်းအတွက်  လှုံ့ဆော်နေသည်။ ဂျာမနီအသင်းအနေဖြင့် အုပ်စုပထမနေရာက သေချာသလောက်ရှိနေပြီး ကွာတားဖိုင်နယ်အဆင့်မှသာ စိတ်လှုပ်ရှားရမည့်အနေအထား ရှိသည်။

■ ဆွစ်ဇာလန်

ဆွစ်ဇာလန်အသင်းအနေဖြင့် ယူရိုပြိုင်ပွဲသမိုင်းတွင် ပထမဆုံးအဖြစ် (၃)ကြိမ်ဆက်တိုက် ခြေစစ်ပွဲ အောင်လာခြင်းဖြစ်ပြီး  ပြိုင်ပွဲနောက်ဆုံး(၆)ကြိမ်တွင် (၅)ကြိမ်မြောက်နှင့် ပြိုင်ပွဲသက်တမ်းတစ်လျှောက် (၇)ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။   နောက်ဆုံး ယူရို-၂၀၂၀ ပြိုင်ပွဲတွင် နာမည်ကြီး ပြင်သစ်အသင်းကို (၁၆)သင်းအဆင့်မှာ ဖြုတ်ချပြီး အသင်း၏ယူရိုသမိုင်းတွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိထားခဲ့သည်။ ယခုယူရိုခြေစစ်ပွဲ ဆွစ်ဇာလန်၏ခြေစွမ်းကို အစစ်အမှန်ဟု ယူဆလို့မရသည်မှာ  သေချာပါသည်။ ချာကာ၊ အကန်ဂျီ၊ ဆွန်မား၊ ရှာကီရီစသည့် ကစားသမားများနှင့် ဖွဲ့စည်းထားသည့် လူစာရင်းက ဆွစ်ဇာလန်ကို အလေးအနက်ထားရမည့်အသင်းတစ်သင်း ဖြစ်စေခဲ့သည်။ အုပ်စုဒုတိယနေရာအတွက် အလေးသာနေသော်လည်း

(၁၆)သင်းအဆင့်သာ အမြင့်ဆုံးဖြစ်နိုင်ခြေ ရှိနေသည်။

■ စကော့တလန်

စကော့တလန်အသင်းအနေဖြင့် ယူရိုပြိုင်ပွဲတွင် (၄)ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရပြီး ယူရို-၁၉၉၂၊ ၁၉၉၆ နှစ်ကြိမ်ဆက်နှင့် ယခု နောက်ဆုံးနှစ်ကြိမ်ဆက် ခြေစစ်ပွဲအောင်ခဲ့ခြင်းဖြစ်သည်။ ယခင်ယှဉ်ပြိုင်ခဲ့သည့် သုံးကြိမ်စလုံး စကော့တလန်အသင်း အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည်။ ခြေစစ်ပွဲ၌ စပိန်အသင်းကို အိမ်ကွင်းတွင် ဂိုးပြတ်အနိုင်ကစားမှု၊ ဟာလန်း၊ အော်ဒီဂွါနှင့် ဆော့လော့သ်တို့ပါဝင်သည့် နော်ဝေကို အဝေးကွင်းတွင် အနိုင်ကစားခဲ့မှုများက စကော့တလန်အသင်းကို အသိအမှတ် ပြုရ လိမ့်မည်။ စကော့တလန်အသင်းတွင် ပရီးမီးယားလိဂ်အခြေစိုက်ကစားသမားများ ပါဝင်နေပြီး တွမ်မီနေးက ခြေစစ်ပွဲတွင်  (၇)ဂိုးသွင်းကာ အသင်းအတွက် ဂိုးသွင်းအများဆုံးဖြစ်ခဲ့သည်က တိုက်စစ်ပိုင်းအားနည်းချက် သိသိသာသာရှိနေသည်ကို ထင် ဟပ်ပြနေသည်။ ဟန်ဂေရီနှင့်ပွဲကသာ စကော့တလန်အသင်း အကောင်းဆုံးတတိယနေရာအတွက် မျှော်လင့်ချက်ဖြစ်နိုင်သည်။

■ ဟန်ဂေရီ

ဟန်ဂေရီအသင်းက ယူရိုပြိုင်ပွဲကို နောက်ဆုံး(၃)ကြိမ်ဆက် ဝင်ခွင့်ရခဲ့ပြီး အသင်းအအောင်မြင်ဆုံးခေတ်ဖြစ်သည့် ပြိုင်ပွဲအစောပိုင်းကာလက (၂)ကြိမ် ယှဉ်ပြိုင်ထားနိုင်ခဲ့သည်။  ပြီးခဲ့သည့်နှစ်ကြိမ်တွင် ဟန်ဂေရီအသင်းကို အိမ်ဖြည့်အဆင့်သာ သတ်မှတ်ထားသော်လည်း မထင်မှတ်သည်များကို လုပ်ပြသွားနိုင်ခဲ့သည်။ ယူရို-၂၀၁၆ ပြိုင်ပွဲတွင် ချန်ပီယံဖြစ်သွားသည့် ပေါ်တူဂီကိုကျော်ကာ အုပ်စု ပထမရခဲ့ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲတွင်လည်း ပြင်သစ်၊ ဂျာမနီ၊ ပေါ်တူဂီအသင်းများနှင့် မရဏအုပ်စုထဲ ကျရောက်ခဲ့သော်လည်း ပြင်သစ်နှင့် ဂျာမနီအသင်းများကို သရေကစားပြီး ဒုက္ခပေးနိုင်ခဲ့သည်။ ယခုလူစာရင်းတွင် လီဗာပူးလ်ကွင်းလယ်လူ ဆိုဘိုဆလိုင်းအပါအဝင် ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် ကစားနေသူအချို့လည်း ပါဝင်လျက်ရှိသည်။ စကော့ တလန်နှင့်ပွဲက ဟန်ဂေရီအတွက် အကောင်းဆုံးတတိယနေရာ အိပ်မက်ကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။

Most Read

Most Recent