စီရော်နယ်လ်ဒိုမရှိလျှင် ပေါ်တူဂီအသင်း ယူရို ၂၀၂၄ ခြေစစ်ပွဲ မအောင်နိုင်ဟု ပြောဆိုခဲ့သည့် ဖာဒီနန် လှောင်ပြောင်ခံနေရ

စီရော်နယ်လ်ဒိုမရှိလျှင် ပေါ်တူဂီအသင်း ယူရို ၂၀၂၄ ခြေစစ်ပွဲ မအောင်နိုင်ဟု ပြောဆိုခဲ့သည့် ဖာဒီနန် လှောင်ပြောင်ခံနေရ
Photo : Daily Mail
Photo : Daily Mail
Published 13 June 2024

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူဂန္ထဝင်နောက်ခံကစားသမား ရီယိုဖာဒီနန်သည် စီရော်နယ်လ်ဒို မရှိလျှင် ပေါ်တူဂီအသင်းအနေဖြင့် ယူရို ၂၀၂၄ ခြေစစ်ပွဲပင် မအောင်နိုင်ဟု မှတ်ချက်ပြုပြောဆိုခဲ့သည့်အတွက် ဘောလုံးပရိသတ်များ၏ လှောင်ပြောင်ခြင်းကို ခံနေရကြောင်း Daily Mail က ဖော်ပြခဲ့သည်။

ပေါ်တူဂီအသင်းသည် ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု (J) တွင် (၁၀) ပွဲကစား (၁၀) နိုင်ဖြင့် ရာနှုန်းပြည့်အနိုင်ရခဲ့ပြီး ဂိုး (၃၆) သွင်းကာ (၂) ဂိုးသာ ပြန်ပေးခဲ့ရသည်။ အသက် (၃၉) နှစ်ကျော်ပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် ယူရို ၂၀၂၄ ခြေစစ်ပွဲ တွင် ပေါ်တူဂီအသင်းအတွက် (၁၀) ဂိုးအထိ သွင်းပေးခဲ့ပြီး အသင်းကစားသမားများထဲတွင် သွင်းဂိုးအများဆုံးဖြစ်ခဲ့သည်။ ဖာဒီနန်က စီရော်နယ်လ်ဒို ၏သွင်းဂိုးများသာ မပါဝင်ပါက ပေါ်တူဂီအသင်းအနေဖြင့် ယူရို ၂၀၂၄ ခြေစစ်ပွဲပင် မအောင်မြင်နိုင်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။ စီရော်နယ်လ်ဒိုသည် ၂၀၂၂ ကမ္ဘာ့ဖလားတွင် ခြေစွမ်းပြနိုင်ခြင်းမရှိသည့် အတွက် ၎င်းမပါဝင်သည့် ပေါ်တူဂီအသင်းမှာ ပိုကောင်းနိုင်သလားဟု မေးမြန်းခဲ့ရာ ဖာဒီနန်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖာဒီနန်က "ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ စီရော်နယ်လ်ဒိုက (၁၀)ပွဲမှာ (၁၀)ဂိုး သွင်းယူခဲ့တာကို ခင်ဗျားတို့လည်း သိပါတယ်။ တကယ်လို့ ကမ္ဘာ့ဖလား စွမ်းဆောင်မှုတစ်ခုတည်းကို ကြည့်မယ်ဆိုရင်တော့ စီရော်နယ်လ်ဒိုမပါတဲ့ ပေါ်တူဂီက ပိုကောင်းတယ်လို့ ပြောရင် ကျွန်တော် လက်ခံကောင်း လက်ခံလိမ့်မယ်။ ဒါပေမဲ့ ယူရိုခြေစစ်ပွဲကို ကြည့်မယ်ဆိုရင် စီရော်နယ်လ်ဒိုမပါဘဲ ပေါ်တူဂီက ခြေစစ်ပွဲတောင် မအောင်နိုင်ပါဘူး" ဟု ပြောကြားခဲ့သည်။

ဖာဒီနန်၏အဆိုပါမှတ်ချက်ကို ဘောလုံးပရိသတ်များက စီရော်နယ်လ်ဒို၏သွင်းဂိုးများကို ဖယ်လိုက်မည်ဆိုလျှင်ပင် ပေါ်တူဂီအသင်း ခြေစစ်ပွဲကို အသာလေးအောင်မြင်နိုင်ကြောင်းဆိုကာ လှောင်ပြောင်ခဲ့ကြခြင်းဖြစ်သည်။ ဘောလုံးပရိသတ်များက X တွင် "ဒီလူကတော့ ရှက်စရာပဲ"၊ "စီရော်နယ်လ်ဒိုဂိုးတွေကို ဖယ်လိုက်ရင်တောင် ပေါ်တူဂီက ရမှတ် (၄)မှတ်ပဲ ဆုံးရှုံးမှာဖြစ်ပြီး ဂိုးကွာခြားချက် (+၂၄) ထွက်သေးတာပါ"၊ "ပေါ်တူဂီက အကောင်းဆုံးမျိုး ဆက်ကိုပိုင်ထားတာ အသက်(၄၀)မပါလည်း ခြေစစ်ပွဲအောင်ပါတယ်" စသည်ဖြင့် ရေးသားခဲ့ကြသည်။

Most Read

Most Recent