ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ပရီးမီးယားလိဂ်မှ ကစားသမားအများဆုံး ရွေးချယ်ခံရပြီး ကလပ်အသင်းများထဲတွင် မန်စီးတီးနှင့် အင်တာမီလန်တို့ (၁၃)ဦးစီဖြင့် ဦးဆောင်

ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ပရီးမီးယားလိဂ်မှ ကစားသမားအများဆုံး ရွေးချယ်ခံရပြီး ကလပ်အသင်းများထဲတွင် မန်စီးတီးနှင့် အင်တာမီလန်တို့ (၁၃)ဦးစီဖြင့် ဦးဆောင်
Photo : Premier League
Photo : Premier League
Published 10 June 2024

ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ကစားသမားအများဆုံး ရွေးချယ်ခံရသည့် လိဂ်အဖြစ် ပရီးမီးယားလိဂ်က ရပ်တည်ခဲ့ပြီး ကလပ်အသင်းများထဲတွင် မန်စီးတီးနှင့် အင်တာမီလန်တို့ က (၁၃)ဦးစီဖြင့် ဦးဆောင်ခဲ့ကြောင်း သိရသည်။

ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အသင်း(၂၄)သင်း ပါဝင်ယှဉ် ပြိုင်မည်ဖြစ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က အသင်းတစ်သင်းလျှင် ကစားသမားအရေအတွက် အနည်းဆုံး(၂၃)ဦးမှ အများဆုံး(၂၆)ဦးအထိ ရွေးချယ်ဖွဲ့စည်းခွင့်ပြုထားသည်။

ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ကစားသမားစာရင်းကို ဇွန်(၇)တွင် နောက်ဆုံးထားတင်သွင်းခဲ့ရပြီး အဆိုပါစာရင်းအရ စုစုပေါင်းကစားသမား(၆၂၀) ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။

ယင်းကစားသမား(၆၂၀)ထဲတွင် ပရီးမီးယားလိဂ်မှ ကစားသမား (၁၀၂)ဦးပါဝင်ကာ လိဂ်အလိုက်တွင် အများဆုံးဖြစ်ခဲ့ပြီး စီးရီးအေမှ ကစားသမား(၉၁)ဦးဖြင့် ဒုတိယအများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။ ဥရောပထိပ်သီးလိဂ်(၅)ခုပင် ကစားသမားအများဆုံးရွေး ချယ်ခံရသည့် လိဂ်များအဖြစ် ရပ်တည်နိုင်ခဲ့ပြီး တတိယနေရာ၌ ဘွန်ဒစ်လီဂါက (၇၄)ဦး၊ စတုတ္ထနေရာ၌ လာလီဂါက (၅၆)ဦး၊ ပဉ္စမနေရာ၌ ပြင်သစ်လီဂူးက (၂၇)ဦးဖြင့် ရပ်တည်ခဲ့ခြင်းဖြစ်သည်။

ကလပ်အသင်းအလိုက်တွင်မူ ဥရောပထိပ်သီးလိဂ် (၅)ခုမှ ကလပ်အသင်းများပင် အဓိကနေရာယူခဲ့ပြီး မန်စီးတီးနှင့် အင်တာမီလန်တို့၏နောက်တွင် PSG၊ ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့က (၁၂)ဦးစီဖြင့် ရပ်တည်ခဲ့သည်။ ဘိုင်ယန်မြူးနစ်နှင့် လိုက်ပ်ဇစ်တို့မှ ကစားသမား(၁၁)ဦး စီ ရွေးချယ်ခံရပြီး အာဆင်နယ်နှင့် လေဗာကူဆင်မှ ကစားသမား(၁၀)ဦးစီ ရွေးချယ်ခံခဲ့ရသည်။

ထိပ်သီးလိဂ်စာရင်းဝင် ကလပ်အသင်းများမှမဟုတ်ဘဲ ကစားသမားအများဆုံး ရွေးချယ်ခံရသည့် ထိပ်ဆုံး(၁၀)သင်းစာရင်းထဲ ပါဝင်ခဲ့သည်မှာ ချက်ကလပ် ဆလားဗီးယားပရပ်ဂ်အသင်းဖြစ်ပြီး (၉)ဦးရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

ချက်လက်ရွေးစင်အသင်းတွင် ယင်းအသင်းမှ ကစားသမား(၈)ဦးအထိ ပါဝင်ခြင်းကြောင့် ယခုကဲ့သို့ ထိပ်ဆုံး(၁၀)သင်းစာရင်းထဲ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယူရို-၂၀၂၄ ပြိုင်ပွဲ၌ အီတလီနည်းပြ (၅)ဦးအထိ ပါဝင်ပြီး နည်းပြအရေအတွက် အများဆုံးနိုင်ငံအဖြစ် ဦးဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါနည်းပြများမှာ စပယ်လက်တီ(အီတလီ)၊ ကယ်လ်ဇိုနာ(ဆလိုဗက်ကီးယား)၊ မွန်တဲလား(တူရကီ)၊ တယ်ဒက်စ်ကို(ဘယ်လ်ဂျီယံ)၊ မာကိုရော့စီ(ဟန်ဂေရီ)တို့ဖြစ်သည်။

ပြင်သစ်၊ ဂျာမနီ၊ စပိန်တို့မှ နည်းပြ(၂)ဦးစီ ပါဝင်ခဲ့ပြီး ယခုပြိုင်ပွဲ၌ နိုင်ငံခြားသားနည်းပြဖြင့် ယှဉ်ပြိုင်သည့်အသင်းပေါင်း (၈)သင်းရှိကြောင်းလည်း သိရသည်။

Most Read

Most Recent