NLD ပါတီ နာယက သူရ ဦးတင်ဦး ၏ စျာပနကို ရေဝေး သုသာန်တွင် ပြုလုပ်ခဲ့ပြီး ဂူသွင်းသဂြိုင်္ဟ်

NLD ပါတီ နာယက သူရ ဦးတင်ဦး ၏ စျာပနကို ရေဝေး သုသာန်တွင် ပြုလုပ်ခဲ့ပြီး ဂူသွင်းသဂြိုင်္ဟ်
Published 5 June 2024

NLD ပါတီ နာယက သူရဦးတင်ဦး၏ စျာပနကို ယနေ့(ဇွန် ၅ ရက်)မွန်းလွဲ ၂ နာရီတွင် ရေဝေးသုသာန် ခန်းမဆောင် (၁) ၌ ပြုလုပ်ခဲ့သည်။

သူရဦးတင်ဦး၏ စျာပနအစီအစဉ်များအဖြစ် ဇွန် ၅ ရက် နံနက်ပိုင်းက ၎င်း၏နေအိမ်တွင် ကျန်ရစ်သူ မိသားစုက သံဃာတော်များကို ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပြီး ရွှေညဝါဆရာတော်က သံဝေဂထာတရား ဟောကြားတော်မူခဲ့ပြီး ကောင်းရာသုဂတိ ရောက်စေရန် ဆုတောင်းပေးခဲ့သည်။

ထို့နောက် သူရဦးတင်ဦး၏  ရုပ်အလောင်းကို ယနေ့(ဇွန် ၅ ရက်)မွန်းလွဲ ၁ နာရီမှစတင်ကာ နေအိမ်မှတစ်ဆင့် ရေဝေးသုသာန်သို့ပို့ဆောင်ခဲ့ ပြီး ၄င်းရုပ်အလောင်း တင်ဆောင်ထားသော မော်တော်ယာဉ်ကို စာရေးဆရာမ ဒေါ်သန်းမြင့်အောင်လိုက်ပါ၍ သရုပ်ဆောင်ထွန်းကိုကိုက မောင်းနှင်ပို့ဆောင်ပေးခဲ့သည်။

သူရဦးတင်ဦး၏ နာရေးယာဉ်တန်းသည် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် ခြံအမှတ် ၅၄ ရှိသော တက္ကသိုလ်ရိပ်သာလမ်းမှ ဖြတ်သန်း၍ ကမ္ဘာအေးဘုရားလမ်းမှတစ်ဆင့် ရေဝေးသုသာန် သို့ ပို့ဆောင်ခဲ့သည်။

ယင်းနောက် စျာပနကို ရေဝေးသုဿန် ခန်းမဆောင်(၁)တွင် ဆက်လက်ပြုလုပ်ရာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က သူရဦးတင်ဦး၏ အတ္ထုပတ္တိအား ဖတ်ကြားခြင်း၊ အမေရိကန်သံရုံးမှ ပေးပို့လာသည့် ဝမ်းနည်းကြောင်း သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသည့် သဝဏ်လွှာများအား မှတ်တမ်းတင်ခဲ့သည်။

သူရဦးတင်ဦး၏ စျာပနသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင် မန်းငြိမ်းမောင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း ၊ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီး အချို့နှင့် ကိုယ်စားလှယ်များ လည်း လာရောက်ခဲ့ကြသည်။

ထို့ပြင် NLD ပါတီ နာယက သူရဦးတင်ဦး၏ သားဖြစ်သူက စျာပနကို အဖက်ဖက်မှ ဝိုင်းဝန်းကူညီခဲ့ကြသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

သူရဦးတင်ဦးအား ဂါရဝပြုခြင်း အစီအစဉ်ကို ဆက်လက် ကျင်းပရာ NLD ပါတီဝင်များနှင့် ပြည်သူလူထုများက တက်ရောက်ဂါရဝပြု ခဲ့ကြသည်။

စျာပနာ အစီအစဉ်အပြီး ညနေ ၄ နာရီတွင် ခန်းမဆောင်မှတစ်ဆင့် ဂူသွင်းမြုပ်နှံမည့်နေရာသို့ သူရဦးတင်ဦး၏ ရုပ်အလောင်းကို သယ်ဆောင်၍ ဂူသွင်းသဂြို င်္ဟ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent