ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း သိမ်ဆိပ်နှင့် ဒုံဝန်း ဘူတာအကြား ရထားလမ်းပေါ်တွင် ​ဒေသန္တရ လက်လုပ်မိုင်းတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်း

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း သိမ်ဆိပ်နှင့် ဒုံဝန်း ဘူတာအကြား ရထားလမ်းပေါ်တွင် ​ဒေသန္တရ လက်လုပ်မိုင်းတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်း
Published 5 June 2024

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ် သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား ရထားလမ်းပေါ်တွင် ဒေသန္တရလက်လုပ်မိုင်းတွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ရပြီး ရထားခရီးစဉ် ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇွန် ၄ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းအတွင်း သိမ်ဆိပ်နှင့် ဒုံဝန်းကြား မိုင်တိုင်အမှတ် (၁၂၂/၁၄) ရှိ ရထားလမ်းပေါ်၌ ပလပ်စတစ်ပုံးနှင့်ထည့်၍ မြှုပ်ထားသော ဒေသန္တရ လက်လုပ်မိုင်းအား တာဝန်ကျဝန်ထမ်းတစ်ဦးက တွေ့ရှိသဖြင့် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ထံ သတင်းပို့ခဲ့ကြောင်း သိရသည်။

မိုင်းဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ နယ်မြေတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် ရောက်ရှိလာပြီး အဆိုပါ မိုင်းအား ရှင်းလင်းခဲ့ရာ သိမ်ဆိပ်-ဒုံဝန်းလမ်းပိုင်းအား ညနေ ၄ နာရီ ၁၀ မိနစ်တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်ကြောင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းရှိ အမှတ် (၈၁) အဆန် လူစီးအမြန်ရထားသည် နှင်းပုလဲဘူတာတွင်လည်းကောင်း၊ အမှတ် (၆၈၅)ကျောက်ရထားသည် သိမ်ဆိပ်ဘူတာတွင်လည်းကောင်း၊ အမှတ် (၆၈၇)ကျောက်ရထားသည် ဒုံဝန်းဘူတာတွင်လည်းကောင်း၊ အမှတ် (၂၇၁)ကုန်ရထားသည် ကျိုက်ထိုဘူတာတွင်လည်းကောင်း၊ အသီးသီး ရပ်တန့်စောင့်ဆိုင်းခြင်းများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစ၍ လက်ရှိအချိန်အထိ မြန်မာ့မီးရထား ကွန်ရက်တစ်ခုလုံးရှိ ရထားလမ်းနှင့်ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၂၀၆)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း (၁၆၅)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၄၂)ကြိမ်  ဖြစ်ပွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

Most Read

Most Recent