ပေါင် ၁၂ သန်းကျော်ဖြင့် ခေါ်ယူနိုင်မည့် ဂရီးဇ်မန်းအား ပရီးမီးယားလိဂ်နှင့် မေဂျာလိဂ်ကလပ်များ စိတ်ဝင်စား

ပေါင် ၁၂ သန်းကျော်ဖြင့် ခေါ်ယူနိုင်မည့် ဂရီးဇ်မန်းအား ပရီးမီးယားလိဂ်နှင့် မေဂျာလိဂ်ကလပ်များ စိတ်ဝင်စား
Photo: Marca
Photo: Marca
Published 1 June 2024

 

ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ပေါင် ၁၂ ဒသမ ၈ သန်းဖြင့် အသင်းပြောင်းရွှေ့ခွင့်ရှိနေသည့် အက်သလက်တီကို ၀ါရင့်တိုက်စစ်ကစားသမား ဂရီးဇ်မန်းအား ခေါ်ယူရန် ပရီးမီးယားလိဂ်နှင့် အမေရိကန် မေဂျာလိဂ်ကလပ်အသင်းများ စိတ်ဝင်စားနေ ကြောင်း သိရသည်။ 

အသက် ၃၃ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်တိုက်စစ်ကစားသမား ဂရီးဇ်မန်းသည် ၂၀၂၃-၂၄ ရာသီတွင် အက်သလက်တီကို အသင်းအတွက် ပြိုင်ပွဲစုံ ၄၈ ပွဲတွင် ၂၄ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ရှစ်ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် ဂရီးဇ်မန်းသည် ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မည့် ပြင်သစ်လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံထားရပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းရွှေ့နိုင်ကြောင်း သတင်းထွက်ပေါ်နေသည်။ 

ဂရီးဇ်မန်းသည် အက်သလက်တီကို အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုထားသော်လည်း အဆိုပါစာချုပ်တွင် ပေါင် ၁၂ ဒသမ ၈ သန်းဖြင့် အသင်းပြောင်းရွှေ့ခွင့်ရှိသည်ဆိုသော အချက်ပါဝင်ကြောင်း ပြင်သစ်နာမည်ကျော် သတင်းစာ L'Equipe က ဖော်ပြခဲ့သည်။ 

ဂရီးဇ်မန်းသည် အသက် ၃၃ နှစ်ကျော်ပြီဖြစ်သော်လည်း ခြေစွမ်းပြနိုင်ဆဲဖြစ်ပြီး အဆုံးသတ်သေချာသည့် ထိပ်တန်းကစားသမားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်နေဆဲဖြစ်သည့်အတွက် ၎င်းကို ခေါ်ယူရန် ပရီးမီးယားလိဂ်နှင့် မေဂျာလိဂ်ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြကြောင်း သိရသည်။ 

ဂရီးဇ် မန်းသည် ပရော်ဖက်ရှင်နယ်ကစားသမား ဘဝတစ်လျှောက် စပိန်ကလပ်အသင်းများတွင်သာ ကစားဖူးသူဖြစ်သော်လည်း ပရီးမီးယားလိဂ်နှင့် မေဂျာလိဂ်တို့မှ မြင့်မားသည့် လစာငွေဖြင့်ကမ်းလှမ်းပါက အသင်းပြောင်းဖွယ်ရှိကြောင်း သိရှိရသည်။ 

Most Read

Most Recent