မြန်မာနိုင်ငံ၌ ရုရှားအစိုးရပိုင်ကုမ္ပဏီ ROSATOM က အသေးစားနျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ဖြစ်နိုင်ခြေရှိမရှိ ကွင်းဆင်းလေ့လာမှု ပြီးစီး

မြန်မာနိုင်ငံ၌ ရုရှားအစိုးရပိုင်ကုမ္ပဏီ ROSATOM က အသေးစားနျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ဖြစ်နိုင်ခြေရှိမရှိ ကွင်းဆင်းလေ့လာမှု ပြီးစီး
Published 30 May 2024
Ref:TASS,24KG

Rosatom ကုမ္ပဏီက မြန်မာနိုင်ငံတွင် အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေရှိမရှိ ကွင်းဆင်းလေ့လာမှုများ ပြီးစီးသွားပြီဟု သိရသည်။

အဆိုပါကွင်းဆင်းလေ့လာမှုကို Rosatom နှင်အကျိူးတူပူးပေါင်းထားသောကုမ္ပဏီ Atomenergoprom က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရုရှားသည် အဆိုပါအသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံ (NPPs) များကို အာဖရိ၊ လက်တင်အမေရိကနှင့် အရှေ့တောင်အာရှတို့တွင် တည်ဆောက်သွားရန် ရှိနေသည်။

ကွင်းဆင်းလေ့လာမှုပြီးစီးသွားပြီးနောက် ရုရှားအစိုးရပိုင် အဏုမြူစွမ်းအင်ကုမ္ပဏီ Rosatom နိုင်ငံပိုင်ကော်ပိုရေးရှင်းက မြန်မာနိုင်ငံတွင် ပါ၀ါနည်းသော နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ဖွယ်ရှိသည်ဟု ရုရှားအခြေစိုက်မီဒီယာတစ်ခုက မေ ၂၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ရုရှားနှင့်မြန်မာတို့သည် မြန်မာ့နယ်မြေထဲတွင် နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် အစိုးရချင်းသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖွယ်ရှိသည်ဟု ဆိုသည်။

ရုရှားအစိုးရသည် ယင်းစီမံကိန်းကို အကောင်အထည်ဖော်ရန် Rosatom ကုမ္ပဏီကို အပ်နှင်းထားသည်။ လျှပ်စစ်ဓာတ်အား မဂ္ဂဝပ် ၁၁၀ ထုတ်လုပ်နိုင်သော နျူကလီးယား စွမ်းအင်သုံးဓာတ်အားပေးစက်ရုံကို တည်ဆောက်ရန်အလားအလာရှိသည်ဟု ရုရှားအခြေစိုက် Energyland သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ရုရှားနှင့်မြန်မာတို့သည် ငြိမ်းချမ်းသည့် နျူကလီးယားစွမ်းအင် အသုံးပြုရေးအတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလထဲတွင် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါသဘောတူစာချုပ်ကို Rosatom နိုင်ငံပိုင်ကော်ပိုရေးရှင်း၏အထွေထွေ ညွှန်ကြားရေးမှူးနှင့် မြန်မာ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့က လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနှင့်ရုရှားတို့၏ အပြန်အလှန် ဆက်ဆံရေးများနှင့် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ရေးတို့သည် လွန်ခဲ့သောနှစ်နှစ်တွင် တိုးတက်မှုရှိလာပြီးနောက် မြန်မာနိုင်ငံ၌ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက် ရုံတည်ဆောက်ရန် စီမံကိန်းအကောင်အထည်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား နျူးကလီးယားစွမ်းအင်နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှု ကနဦးအဖြစ် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM)တို့အကြား ငြိမ်းချမ်းသောရည်ရွယ်ချက်များအတွက် နျူကလီးယားစွမ်းအင် အသုံးချရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို ၂၀၁၅ ခုနှစ် ဇွန် ၁၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ထို့နောက် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ROSATOM တို့အကြား နျူကလီးယားစွမ်းအင်  အသုံးချရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင် ရေးဆိုင်ရာ လေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှုအရည်အသွေးဖွံ့ဖြိုးတိုးတက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နျူကလီးယားစွမ်းအင်အပေါ် ပြည်သူလူထု၏ အပြုသဘောဆောင်သည့် သဘောထားအမြင်များရရှိလာစေရေးအတွက် နားလည်မှု စာချွန်လွှာနှစ်စောင်ကို ထပ်မံ၍ လက်မှတ်ရေးထိုးခဲ့သည်။

ထို့ပြင် ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ရုရှားခရီးစဉ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ROSATOM တို့အကြား ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံကို လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးနျူးကလီးယား သတင်းအချက်အလက်စင်တာ ဖွင့်လှစ်ရန်လည်း သဘောတူမှုရရှိခဲ့သည်။

ယင်းနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ရန်ကုန်မြို့၌  မြန်မာနိုင်ငံ၏ ပထမဦးဆုံးနျူးကလီးယား သတင်းအချက်အလက်စင်တာဖွင့်လှစ်ခဲ့ပြီး အဆိုပါအခမ်းအနားအပြီးတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ROSATOM တို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီမှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

Most Read

Most Recent