ဆေးဝါးစျေးနှုန်းများ မြင့်တက်နေပြီး အချို့ဆေးဝါးများမှာ စျေးကွက်အတွင်း မရှိသဖြင့် အာနိသင်တူသည်ဆိုသည့် ဆေးဝါးများကို သုံးစွဲနေရ

ဆေးဝါးစျေးနှုန်းများ မြင့်တက်နေပြီး အချို့ဆေးဝါးများမှာ စျေးကွက်အတွင်း မရှိသဖြင့် အာနိသင်တူသည်ဆိုသည့် ဆေးဝါးများကို သုံးစွဲနေရ
Published 28 May 2024

ဆေးဝါးစျေးနှုန်းများ မြင့်တက်နေပြီး အချို့ဆေးဝါးများမှာ စျေးကွက်အတွင်း မရှိသဖြင့် အာနိသင် တူသည်ဆိုသည့် ဆေးဝါးများကို သုံးစွဲနေရကြောင်း နိုင်ငံခြားဆေးဝါးစျေးကွက် အတွင်းမှ သိရသည်။

စျေးကွက်အတွင်း ဝင်ရောက်နိုင်ခြင်းမရှိ သည့် ဆေးဝါးများမှာ နှလုံး၊ ဆီးချို၊ သွေးချို အစရှိသည့် ရေရှည်သောက်သုံးရသည့်ဆေး ၀ါးများဖြစ်ကြောင်း သိရသည်။

“အခု စျေးကွက်ထဲမှာ နှလုံးဆေးတို့၊ ဆီးချိုဆေးတို့ဆိုရင် တော်တော်လေးကိုရှာနေ ရတယ်။ ရှိတယ်ဆိုရင်လည်း စျေးကကြီးတယ်။ ဆိုင်မှာလည်း သိပ်မတင်နိုင်ဘူး။ ဖောက်သည် လောက်ကိုပဲ ရှာပေးနိုင်တော့တယ်”ဟု ရန် ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ဆေး ၀ါးအရောင်းဆိုင်တစ်ဆိုင်မှ ဆေးဝါးရောင်းချ နေသူတစ်ဦးက ပြောကြားသည်။

အချို့ဆေးဝါးများမှာ စျေးကွက်အတွင်း မရှိသဖြင့် ၎င်းနှင့်အာနိသင်တူညီသည့် ဆေးဝါးများကိုသာ အစားထိုးသုံးစွဲနေရကြောင်း သိရသည်။

တချို့ကျတော့ တံဆိပ်ကို အစွဲကြီးတဲ့ သူတွေရှိတယ်။ ဒီတံဆိပ်နဲ့အဆင်ပြေတယ်ဆို ရင် ဒီတံဆိပ်ကိုပဲ ဒီဆေးဝါးကိုပဲသောက်ကြ တာ။ ဒါကလည်း ဆေးသောက်တဲ့သူတွေမလွန် ဘူး။ ဆရာဝန်က ဒါသောက်ရမယ်လို့ ညွှန် ထားတယ်၊ ရောဂါကလည်းသက်သာတော့ ဒီတံဆိပ်ပဲ သောက်ကြတာ။ တချို့ကတော့ အစားထိုးသုံးလို့ရတာကိုတော့ သုံးကြတယ်။ များသောအားဖြင့်ကတော့ အရင်တံဆိပ်ကိုပဲ မေးကြတာများတယ်”ဟု အဆိုပါဆေးဆိုင်က ဆက်လက်ပြောကြားသည်။

ဆေးဝါးစျေးနှုန်းများမှာ အတက်စျေးမှာ ပင်ရှိနေသဖြင့် ဆေးပြန်လည်ဝယ်ယူပါက အရင်းထပ်မံထည့်သွင်းရသည်ဟု ဆေးဝါးအ ရောင်းဆိုင်အချို့က ပြောကြားသည်။

“ဆေးစျေးနှုန်းတွေက တခါဝယ်ရင်တခါ တက်တယ်။ အမှတ်မမှားရင် ၁၀ ရာခိုင်နှုန်း လောက်တက်သွားတာကြုံဖူးတယ်။ ဥပမာ အရင်က နှစ်သောင်းလောက်ပဲပေးရတဲ့ဆေး ဆိုရင် ကုန်လို့သွားဝယ်ရင် အရင်းတင် နှစ် သောင်းနှစ်ထောင်ပေးရတယ်။ တချို့ဆေး တွေဆိုရင်လည်း မတက်တဲ့ဆေးမရှိဘူး။ အ နည်းဆုံးတော့ ငါးရာခိုင်နှုန်း၊ သုံးရာခိုင်နှုန်း လောက်တက်သွားတယ်” ဟု မြောက်ဒဂုံမြို့ နယ်ရှိ ဆေးဆိုင်တစ်ဆိုင်က ပြောကြားသည်။

ပန်းနာရင်ကြပ်သမားများ မရှိမဖြစ်လိုအပ်သည့် ဗင်တိုလင်ဆေးမှာ ယခင်က တစ်ခုလျှင် ကျပ် ငါးထောင်ကျော်သာ ရှိခဲ့သော်လည်း လွန်ခဲ့သည့် ခြောက်လကျော်မှ စတင်ကာ စျေးနှုန်းများ မြင့်တက်ခဲ့ပြီး လက်ရှိတွင် သုံးသောင်းခွဲအထိ ရှိနေသည်ဟု အဆိုပါ ဆေးဝါး သုံးစွဲသူတစ်ဦးက ပြောကြားသည်။

“ ကျွန်မက ဗင်တိုလင် ဂေါက်လို့ ခေါ် တယ်။ အဲ့ဒီဟာလေးဆိုရင် အရင်က ထောင် ဂဏန်းပဲရှိတာ။ အခု အဲ့ဒီဟာက သုံးသောင်း ခွဲ ပေးဝယ်ရတယ်။ ဒါတောင်တခါတလေ ပစ္စည်းပြတ်သွားရင် လေးသောင်းကျော်အထိ ဖြစ်သွားတယ်”ဟု ဆေးဝါးသုံးစွဲသူတစ်ဦးက ပြောကြားသည်။

နိုင်ငံခြားငွေစျေးပြောင်းလဲမှုပေါ် မူ တည်ပြီး နိုင်ငံခြားဆေးဝါးစျေးကွက်တွင် စျေး နှုန်းများ ပြောင်းလဲလျက်ရှိသည်ဟု အဆိုပါ စျေးကွက်အတွင်းမှ သိရသည်။

မေ ၂၄ ရက်က ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းများ ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများကို နေပြည်တော်ရှိ ကျန်းမာ ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အခြေခံ အဓိ ကဆေးဝါးများ၊ ပဋိဇီဝဆေးဝါးများ၊ အားဆေး များနှင့် အသုံးများသည့် ဆေးဝါးများကို ပြည် တွင်းတွင် အဓိကထား၍ လုံလောက်အောင် ထုတ်လုပ်ပေးစေလိုကြောင်း ပြောကြားထား သည်။

ကျန်းမာရေးအတွက် ပြည်သူလူထုမှ စိုက်ထုတ်ကုန်ကျစရိတ် အတတ်နိုင်ဆုံး နည်း ပါးအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စက်မှုဝန်ကြီးဌာန မြန် မာ့ဆေးဝါးလုပ်ငန်း အောက်ရှိ စက်ရုံများမှ အဓိကထား၍ ဝယ်ယူလျက်ရှိပြီး ပြည်တွင်း ထုတ်ဆေးဝါးထုတ်လုပ်သည့် စက်ရုံများမှ လည်း ဝယ်ယူလျက်ရှိကြောင်း၊ ပြည်တွင်းဆေး ၀ါးထုတ်လုပ်သော စက်ရုံများမှလည်း ဆေးဝါး အမျိုးအမည် စုံလင်စွာထုတ်လုပ်နိုင်သည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ပြည်တွင်း၌ ဆေးဝါး ထုတ်လုပ်မှုများ တိုးတက် လာစေရေးအတွက် ဆေးဝါးကုန်ကြမ်းများကို အဓိကထား တင်သွင်းခွင့်ပြုလျက်ရှိကြောင်း၊ အခြေခံအဓိကဆေးဝါးများ၊ ပဋိဇီဝဆေးဝါး များ၊ အားဆေးများနှင့် အသုံးများသည့် ဆေး ၀ါးများကို ပြည်တွင်းတွင် အဓိကထား၍ လုံ လောက်အောင် ထုတ်လုပ်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက အဆိုပါအစည်း အဝေးတွင် ပြောကြားခဲ့သည်။

Most Read

Most Recent