မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်မှုဖြင့် မြန်မာနိုင်ငံသား အများစုအပါအဝင် နိုင်ငံခြားသား ၁၂၃ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်မှုဖြင့် မြန်မာနိုင်ငံသား အများစုအပါအဝင် နိုင်ငံခြားသား ၁၂၃ ဦး ဖမ်းဆီးခံရ
Published 28 May 2024

မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်မှုဖြင့် မြန်မာနိုင်ငံသား အများစုအပါအဝင် နိုင်ငံခြားသား ၁၂၃ ဦး မေ ၂၈ ရက် နံနက်ပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာန JIM အနေဖြင့် မေ ၂၈ ရက် နံနက် ၁ နာရီတွင် Sentul ဒေသအနီး တရားမဝင် အခြေချနေထိုင်နေသည့် နိုင်ငံခြားသားများရှိသည်ဟု သတင်းအရ စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားသား ၁၂၃ ဦးကို စစ်ဆေးခဲ့ရာ အင်ဒိုနီးရှားနိုင်ငံသား ခုနစ်ဦး၊ အိန္ဒိယနိုင်ငံသား ၂၁ ဦးပါဝင်ပြီး ကျန် ၉၅ ဦးမှာ မြန်မာနိုင်ငံသားများဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

စုံစမ်းစစ်ဆေးမှုများနှင့် တိုင်ကြားစာများ၏ ရလဒ်များအရ အဆိုပါနိုင်ငံခြားသားများမှာ လျှပ်စစ်မီးပေးဆောင်သည့် ဒေသခံများထံမှ နေအိမ်များ ဌားရမ်းထားခဲ့ကြောင်း မလေးရှား လဝကမှ သတင်းထုတ်ပြန်ခဲ့သည်။

အိမ်ငှားခတစ်လကို ရင်းဂစ် ၄၀၀ ပေးရကြောင်း တရားမဝင်အခြေချနေထိုင်သူများတွင် ကုန်စုံဆိုင်များလည်းရှိသလို အဆိုပါဒေသတွင် စီးပွားရေးလုပ်ကိုင်နေကြသူများဖြစ်ကြောင်း မီဒီယာများတွင် ဖော်ပြထားကြောင်း သိရသည်။

စစ်ဆင်ရေးအတွင်း အာဏာပိုင်များ၏ ဖမ်းဆီးခြင်းမခံရစေရန် အိမ်ခေါင်မိုးပေါ်တွင် ပုန်းအောင်းခြင်း၊ နေအိမ်ကို သော့ခတ်ထားခြင်းများ လုပ်ဆောင်ခဲ့ကြောင်း မလေးရှားတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဖမ်းဆီးခံရသူများမှာ မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ 1959/63 အရ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent