မိုးရွာသွန်းခြင်းကြောင့် ဒေါနတောင်ကျော် ခရီးသည်ယာဉ်များ သွားလာရေး ခက်ခဲ

မိုးရွာသွန်းခြင်းကြောင့် ဒေါနတောင်ကျော် ခရီးသည်ယာဉ်များ သွားလာရေး ခက်ခဲ
Photo - C.H.Phyo Gyi
Photo - C.H.Phyo Gyi
Published 26 May 2024

မြန်မာ- ထိုင်း နယ်စပ်ကုန်သွယ်လမ်းဖြစ်သော မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် ပိတ်ထားဆဲဖြစ်၍ ခရီးသည်နှင့်ကုန်စည် ပို့ဆောင်ရေးအတွက် ဒေါနတောင်ကျော်မြေသားလမ်း သုံးသွယ်မှ သွားလာနေကြသော်လည်း မိုးရွာသွန်းသဖြင့် မော်တော်ယာဉ်များမှာ သွားလာရေး ခက်ခဲနေကြောင်းယာဉ်မောင်းများထံမှသိရသည်။

မြဝတီ-ကော့ကရိတ် ဒေါန တောင်ကျော်လမ်းဟောင်းနှင့် အာရှလမ်းသစ်တို့မှာ တိုက်ပွဲကြောင့် ပိတ်ထားဆဲဖြစ်ပြီး  ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးအတွက် ကျော်ခို့ - ထို့ကော်ကိုးလမ်း ၊ ၁၀၁၈ ထီဝါပလောလမ်း  နှင့်သစ်ကတေ(ကြက်ဥတောင်လမ်း) တို့မှ ခက်ခဲကြမ်းတမ်းစွာ သွားလာနေကြရကြောင်း ယခုအခါ မိုးရွာသဖြင့် အဆိုပါ လမ်းများမှာ  သွားလာရန်ခက်ခဲကာ ယာဉ်တိမ်းမှောက်မှုများစွာ ရှိနေကြောင်း ယဉ်မောင်းတစ်ဦးကပြောသည်။

"မြဝတီကနယ်စပ်ဆိုတော့ နယ်စပ်မြို့ကိုလာကြတဲ့ ကားတွေများတယ်။အာရှလမ်းပိတ်တော့ ကျော်ခို့-ထို့ကော်ကိုးလမ်းကသွားကြတယ်၊လမ်းကြမ်းတယ်၊အကောက်ဂိတ်များတယ်၊ဂိတ်ကြေး အကုန်များတယ်၊နောက်ပိုင်းတော့ ကြက်ဥတောင်လမ်း၊၁၀၁၈ လမ်း ဆိုပြီးနှစ်လမ်း ထပ်တိုးလာတယ်၊ ခုမိုးရွာတော့ မြေသားလမ်းတွေမို့လို့ ဗွတ်ပေါက်ပြီးသွားမရဘူး။မနေ့က မော်လမြိုင်ကနေတက်လာတာ၊၁၀၁၈ လမ်းကပေါ့၊ထွန်စက်နဲ့ ဆွဲလာရတယ်။ကားဆွဲခ ၅၀၀၀၀ ထပ် ကုန်သွားတာပေါ့။ယနေ့တော့ မဆင်းတော့ပါဘူး၊ နေ နှစ်ရက်လောက်ပူမှ သွားတော့မယ်လေ။မိုးရွာနေရင် အရမ်းအန္တရာယ်များပါတယ်"ဟု မြဝတီ-မော်လမြိုင် ခရီးသည်ပို့ဆောင်ရေးယာဉ်ငယ်မောင်သူတစ်ဦးကပြောသည်။

၁၀၁၈ လမ်းနှင့် ကြက်ဥတောင် လမ်းမှ သွားလာသည့်မော်တော်ယာဉ်အချို့ကို ဆင်ဖြင့် ဆွဲတင်ကြရပြီး ၊ထို့ကော်ကိုးလမ်းမှသွားလာသည်ယာဉ်အချို့ကို မြေထိုးစက်များဖြင့်ဆွဲရကြောင်းလည်း ၄င်းကဆိုသည်။

မိုးမရွာဘဲနှစ်ရက်ခန့် နေသာလျှင် အကောက်ဂိတ်များပြီးလမ်းကြေးအကုန်များသည့် ကျော်ခို့-ထို့ကော်ကိုး ဒေါနေတာင်ကျော်လမ်းမှာ ခရီးအကွာအဝေး အနီးဆုံးနှင့် အကောင်းဆုံးဟုလည်း အဆိုပါယာဉ်မောင်းကပြောသည်။

ယခင် အာရှလမ်းသစ်မှ အသုံးပြုသွားလာရစဉ်က ဒေါန တောင်ကျော်ခရီးမှာ တစ်နာရီခန့်သာ အချိန်ကြာမြင့်သော်လည်း ယခုအခါ တစ်နေ့လုံး နီးပါး နှင့် ညအိပ်စောင့်ရသူများရှိပြီး  မိုး ဆက်တိုက်ရွာလျှင် သွားလာမရဘဲ ခရီစဉ် ရပ်ဆိုင်းကြရမည်ဖြစ်ကြောင်း ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေး ယာဉ်လိုင်း တာဝန်ခံများကပြောသည်။

 

Most Read

Most Recent