မြောက်ကိုရီးယားလက်နက်များကို ရုရှားအားထောက်ပံ့မှုတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ဂျပန်နှင့် တောင်ကိုရီးယားက ပိတ်ဆို့မှုများပြုလုပ်

မြောက်ကိုရီးယားလက်နက်များကို ရုရှားအားထောက်ပံ့မှုတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ဂျပန်နှင့် တောင်ကိုရီးယားက ပိတ်ဆို့မှုများပြုလုပ်
၂၀၁၉ ခုနှစ် ဧပြီ ၂၅ ရက်က မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်၏ ရုရှားခရီးစဉ်အတွင်း ရုရှား၏ ဗလာဒီဗော့စတော့ ဘူတာရုံအနီးတွင် မြောက်ကိုရီးယားအလံနှင့် ရုရှားအလံများကို လွှင့်ထူထားစဉ် (Photo:Reuters)
၂၀၁၉ ခုနှစ် ဧပြီ ၂၅ ရက်က မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်၏ ရုရှားခရီးစဉ်အတွင်း ရုရှား၏ ဗလာဒီဗော့စတော့ ဘူတာရုံအနီးတွင် မြောက်ကိုရီးယားအလံနှင့် ရုရှားအလံများကို လွှင့်ထူထားစဉ် (Photo:Reuters)
Published 25 May 2024

ယူကရိန်းစစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့များ အသုံးပြုစေရန်အတွက် မြောက်ကိုရီးယား လက်နက်များကို ရုရှားအား ထောက်ပံ့ပေးမှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ကုမ္ပဏီများ၊ သင်္ဘောများနှင့် လူပုဂ္ဂိုလ်များကို ဂျပန်နှင့် တောင်ကိုရီးယားတို့က မေ ၂၅ ရက် တွင် ပိတ်ဆို့မှုများချမှတ်ကြောင်း ကြေညာခဲ့သည်။

မြောက်ကိုရီးယားသည် ရုရှားအား ထောင်နှင့်ချီသည့် လက်နက်ခဲယမ်းကွန်တိန်နာများ ပေးပို့နေသည်ဟု တောင်ကိုရီးယားက စွပ်စွဲထားပြီး ကျွမ်းကျင်သူများကလည်း မြောက်ကိုရီးယား၏ မကြာသေးမီက လက် နက်စမ်းသပ်မှုများသည် ယူကရိန်းစစ်ပွဲတွင် ရုရှားတပ်ဖွဲ့များအသုံးပြုမည့် လက်နက်များ ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။

သြဂုတ်လကလည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အလားတူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး ရုရှားသည် ယူကရိန်းစစ်ပွဲတွင်  လက်နက်ခဲယမ်းများပြတ်လပ်မှု၊ လက်နက်ကြီးများ ဆုံးရှုံးမှုတို့ကြောင့် မြောက်ကိုရီးယား အပါအဝင် ၎င်း၏ မဟာမိတ်အချို့ထံမှ လက်နက်ခဲယမ်းအကူအညီများရယူရန် ကြိုးပမ်းနေရကြောင်း ပြောကြားခဲ့သည်။

ဂျပန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယိုရှီမာဆာ ဟာယာရှီက ဂျပန်သည် ထိုကဲ့သို့ လက်နက်ထောက်ပံ့သည့် ဖြစ်စဉ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း မေ ၂၄ ရက်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ အမေရိကန်လို မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီထောက်ပံ့ပေး ဖို့ ရည်ရွယ်တဲ့ ရုရှား-မြောက်ကိုရီးယား စစ်ရေးအထောက်အပံ့တွေမှာ ပါဝင်တဲ့ အဖွဲ့အစည်း ၁၁ ခုနဲ့ လူပုဂ္ဂိုလ် တစ်ဦးရဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ပင်ခဲ့ပါတယ်”ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဒါက မြောက်ကိုရီးယားနဲ့ လက်နက်တွေ၊ ဆက်စပ်ပစ္စည်းတွေ လွှဲပြောင်းပို့ဆောင်မှုကို တားမြစ်ထားတဲ့ ကုလသမဂ္ဂရဲ့ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်နေပါတယ်”ဟု ဟာ ယာရှီက ပြောကြားခဲ့သည်။

ပိတ်ဆို့မှုချမှတ်ခံရသည့် အဖွဲ့အစည်း ၁၁ ခုအနက် ကိုးခုနှင့် လူပုဂ္ဂိုလ်တစ်ဦးသည်  ရုရှားတွင်ရှိကြောင်း ကျန်အဖွဲ့နှစ်ဖွဲ့သည် ဆိုက်ပရပ်စ်တွင် အခြေစိုက်ကြောင်း ဂျပန်၏ အဆာဟိသတင်းစာက ဖော်ပြခဲ့သည်။

တစ်နေ့တည်းမှာပင် တောင်ကိုရီးယားကလည်း ရုရှားနှင့် မြောက်ကိုရီးယားအကြား စစ်ရေးကူညီ ထောက်ပံ့မှုများတွင် ပါဝင်သည့် ရုရှားသင်္ဘောနှစ်စင်း၊ မြောက်ကိုရီးယားနိုင်ငံသား ခုနစ်ဦးတို့ကို ပိတ်ဆို့မှုများချမှတ်ခဲ့သည်။

ထိုသင်္ဘောများသည် ရုရှားနှင့် မြောက်ကိုရီးယားအကြား လက်နက်သေတ္တာအများအပြားကို တင်ဆောင်ပြီး လက်နက်ကုန်ကူးခဲ့သည့် သင်္ဘောများဖြစ်သည်ဟု တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြော ကြားခဲ့သည်။

မြောက်ကိုရီးယားကမူ ၎င်းသည် ရုရှားကို လက်နက်များပေးပို့ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ၎င်းတို့၏ လက်နက်များကို မည်သည့်နိုင်ငံကိုမျှတင်ပို့ရန် ရည်ရွယ်ချက်မရှိကြောင်း ပြောကြားခဲ့သည်။

သို့သော် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ရှားခံထားရသည့် မြောက်ကိုရီးယားသည် မကြာသေးမီ လများအတွင်း ရုရှားနှင့် ဆက်ဆံရေးများ မြှင့်တင်ခဲ့ပြီး ရုရှားထံမှ အာကာသနည်းပညာများကို ရရှိခဲ့ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

                                               Ref:AFP

Most Read

Most Recent