ဆူဒန်နိုင်ငံတွင် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုများကြောင့် အငတ်ဘေးကျရောက်မည့်အန္တရာယ် မြင့်တက်နေသည်ဟု ကုလသမဂ္ဂ သတိပေး

ဆူဒန်နိုင်ငံတွင် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုများကြောင့် အငတ်ဘေးကျရောက်မည့်အန္တရာယ် မြင့်တက်နေသည်ဟု ကုလသမဂ္ဂ သတိပေး
မေ ၁၅ ရက်က ဆူဒန်နိုင်ငံ အရှေ့ပိုင်း ဂျီဒါရက်ဖ်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ကလေးများကို တွေ့ရစဉ်(AFP)
မေ ၁၅ ရက်က ဆူဒန်နိုင်ငံ အရှေ့ပိုင်း ဂျီဒါရက်ဖ်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ကလေးများကို တွေ့ရစဉ်(AFP)
Published 16 May 2024

ဆူဒန်နိုင်ငံတွင် ဒေသခံများသည် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုအတွင်း ပိတ်မိနေပြီး မိုးရာသီတွင် အထောက်အပံံ့များ ပိတ်ဆို့ခံထားရသဖြင့် အငတ်ဘေးကျရောက်မည့် အန္တရာယ်မြင့်တက်နေသည်ဟု ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအရာရှိ ကလီမန်တိုင်း အန်ကွီတာဆလာမီက မေ ၁၅ ရက်တွင် သတိပေးခဲ့သည်။

ဆူဒန်တွင် ၂၀၂၃ ခုနှစ် ဧပြီလက စစ်တပ်နှင့် အရန်တပ်ဖွဲ့(RSF)အကြား စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် သန်းနှင့်ချီသည့်ပြည်သူများ အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ လူပေါင်းများစွာ သေဆုံးခဲ့သည်။

“အငတ်ဘေး ကျရောက်ဖို့ တော်တော်နီးစပ်နေပါပြီ။ ရောဂါတွေကလည်း ထူပြောလာတော့မှာပါ။ တိုက်ခိုက်မှုတွေကလည်း အဆုံးသတ်ဖို့ လမ်းစမမြင်သေးပါဘူး”ဟု အန်ကွီတာဆလာမီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒီလိုမနှစ်မြို့ဖွယ် အခြေအနေကို ပိုဆိုးလာဖို့ပဲရှိပါတယ်။ မိုးရာသီရောက်ဖို့ သီတင်း ခြောက်ပတ်လောက်သာလိုတော့ပါတယ်။ စားစရာတွေကရှားပါးလာပြီးပိုပြီး စျေးကြီးလာပါတယ်”ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

လူပေါင်း လေးသန်းကျော်သည် အငတ်ဘေးဆိုက်မည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း၊ မိုးရာသီစတင်လာချိန်တွင် အကူအညီလိုအပ်နေသူများ၏ အခြေအနေသည် ပိုမိုခက်ခဲလာကြောင်း အန်ကွီတာဆလာမီက ပြောသည်။

မိမိတို့အနေဖြင့် လယ်သမားများကို ကောက်ပဲသီးနှံမျိုးစေ့များ ပို့ဆောင်ပေးနိုင်ခြင်းမရှိပါက ယခုနှစ် စိုက်ပျိုးရာသီလည်း အောင်မြင်လိမ့်မည်မဟုတ်ကြောင်း၊ စစ်ပွဲဖြစ်ပွားသည့် အချိန်ကာလသည် တစ်နှစ် ကျော်ကြာမြင့်လာချိန်တွင် ဆူဒန်ပြည်သူများသည် ကြမ်းကြုတ်သည့် အကြမ်းဖက်မှုထဲတွင် ပိတ်မိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဆူဒန်ပြည်သူများ၏ အခြေအနေသည် အင်အားပြင်းထန်သည့် မုန်တိုင်းတိုက်ခတ်မည့်လမ်းကြောင်းပေါ်တွင် ရောက်ရှိနေသကဲ့ သို့ဖြစ်နေကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အသိုင်းအဝိုင်းအနေဖြင့် ကူညီထောက်ပံ့မှုများပေးရန် လိုအပ်ကြောင်း အန်ကွီတာဆလာမီက ပြောသည်။

မကြာသေးမီရက်များအတွင်း အနောက်ဒါဖာဒေသတွင် RSF တပ်ဖွဲ့များသည် ၎င်းတို့ ထိန်းချုပ်နိုင်ခြင်းမရှိသေးသည့် အယ်ဖာရှာမြို့ကို ထိန်းချုပ်နိုင်ရန် စစ်တပ်နှင့် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည့် သတင်းများနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အကူများကို ပေးနိုင်ခြင်းမရှိသေးကြောင်း အန်ကွီတာဆလာမီက ပြောသည်။

ဧပြီ ၃ ရက်က ပို့ဆူဒန်မြို့မှ ဆေးဝါးများနှင့် စားနပ်ရိက္ခများတင်ဆောင်ပြီး ထွက်ခွာသွားခဲ့သည့် ကုလသမဂ္ဂ၏ အကူအညီပေးရေးထရပ်ကား တစ်ဒါဇင်ကျော်သည် အယ်ဖာရှာမြို့သို့ ရောက်ရှိခြင်းမရှိသေးကြောင်း၊ အဘယ်ကြောင့်ဆိုသော် လမ်းခရီးတွင် လုံခြုံမှုအားနည်းခြင်း၊ စစ်ဆေးရေးဂိတ်များတွင် ယာဉ်ထွက်ခွာခွင့်များ ထုတ်ယူနေရခြင်းတို့ကြောင့် နှောင့်နှေးကြန့်ကြာနေခြင်းဖြစ်ကြောင်း အန်ကွီတာဆလာမီက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent