ယူကရိန်းအရှေ့မြောက်ပိုင်း ခါကိဗ်ဒေသရှိ မြို့ရွာများကို ရုရှားက မြေပြင်ထိုးစစ်ဆင်သဖြင့် ပြည်သူအများအပြား စစ်ဘေးရှောင်နေရ

ယူကရိန်းအရှေ့မြောက်ပိုင်း ခါကိဗ်ဒေသရှိ မြို့ရွာများကို ရုရှားက မြေပြင်ထိုးစစ်ဆင်သဖြင့် ပြည်သူအများအပြား စစ်ဘေးရှောင်နေရ
ရုရှားတိုက်ခိုက်မှုကြောင့် ခါကိဗ်ဒေသ  ဒါဟာချီမြို့၌ မီးလောင်နေသောအိမ်ကို ယူကရိန်းမီးသတ်သမားများ မီးငြှိမ်းသတ်နေပုံကို ဧပြီ ၂၆ ရက်တွင်တွေ့ရစဉ်(Photo: AFP)
ရုရှားတိုက်ခိုက်မှုကြောင့် ခါကိဗ်ဒေသ  ဒါဟာချီမြို့၌ မီးလောင်နေသောအိမ်ကို ယူကရိန်းမီးသတ်သမားများ မီးငြှိမ်းသတ်နေပုံကို ဧပြီ ၂၆ ရက်တွင်တွေ့ရစဉ်(Photo: AFP)
Published 14 May 2024

ရုရှားက မေ ၁၃ ရက်တွင် ယူကရိန်း၏ အရှေ့မြောက် ခါကိဗ်ဒေသတွင်ရှိသည် မြို့ရွာများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူရာပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရသော ရှောင်တခင် မြေပြင်ထိုးစစ်ကို နယ်စပ်ဒေသတွင် လုပ်ဆောင်ခဲ့ပြီးနောက်ရက်ပိုင်းအတွင်း  ယခုစစ်ဆင်ရေးကို လုပ်ဆောင်ခြင်းဖြစ်သည်။

ပြည်သူ ၆,၀၀၀ နီးပါးစစ်ဘေးရှောင်ခဲ့ရသည့် မြေပြင်ထိုးစစ်တစ်ရပ်ကို မေ ၁၀ ရက်တွင် လုပ်ဆောင်ခဲ့ပြီးနောက် ရုရှားသည် နည်းဗျူဟာပိုင်း အောင်မြင်မှုရရှိခဲ့သည်ဟု ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။

ယူကရိန်းသည် စစ်ကူများပို့လိုက်သည်ဟု သမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့ပြီး တန်ပြန်ထိုးစစ်ကို ဆင်နွှဲနေသည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့တာဝန်ကတော့ ရှင်းပါတယ်။ စစ်ပွဲကျယ်ပြန့်လာအောင် ရုရှားလုပ်ဆောင်နေတာတွေကို ဟန့်တားဖို့ဖြစ်ပါတယ်”ဟု ညပိုင်းပြောကြားသော မိန့်ခွန်းတွင် ဇယ်လန်းစကီးက ထည့်သွင်းပြောကြားခဲ့သည်။

ရုရှားတပ်များသည် နည်းဗျူဟာဆိုင်ရာနေရာယူမှုများ ပိုမိုကောင်းမွန်လာသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ယင်းသည် လိုက်ပဆီရွာအပါအဝင် နယ်စပ်ဒေသရှိရွာများနှင့် ဗော့ချန်ဆစ်မြို့အနီးတစ်ဝိုက်တို့တွင်(ယူကရိန်း) လူအင်အားအတွက် ထိုးနှက်ချက်ဖြစ်သည်ဟု ဆိုသည်။

လမ်းပေါ်ကို ဗုံးအများအပြား ကျရောက်ခဲ့သည်ဟု သားဖြစ်သူနှင့်အတူ လိုက်ပဆီမှ ထွက်ပြေးလာသော ကတ်တာရီနာစတီပါနော့(၇၄နှစ်)က ပြောကြားခဲ့သည်။

“ကျွန်မတို့က ထွက်သွားချင်တာမဟုတ်ပေမယ့် အခုတော့ ထွက်လာကြရတာပါ။  ကျွန်မတို့အသက်ရှင်နေတာ ကျေးဇူးတင်ရတော့မှာပါပဲ”ဟု စစ်ရှောင်များအတွက် ကယ်ဆယ်ရေးစခန်းကိုရောက်နေသော မီနီဘက်စ် ကားပေါ်တွင် ထိုင်နေရင်း ကတ်တာရီနာစတီပါနော့က ပြောကြားခဲ့သည်။

“သူတို့က ရွာတွေကို ဗုံးကြဲနေတာဖြစ်ပါတယ်။ သူတို့မှာရှိတာတွေနဲ့ ပစ်ခတ်နေတာဖြစ်ပါတယ်”ဟု လိုက်ပဆီရှိ ယူကရိန်းစစ်အုပ်ချုပ်ရေးအဖွဲ့၏ဒုတိယအကြီးအကဲ ဆာဂျီခရီဖက်ချင်ကိုက ပြောကြားခဲ့သည်။

ပဲ့ထိန်း ဝေဟင်ဗုံးများသည် မိုးကဲ့သို့ ကျဆင်းနေသည်ဟု လိုက်ပဆီတွင် တာဝန်ကျနေသော ယူကရိန်းစစ်သားတစ်ဦးက ပြောကြားခဲ့သည်။

ရုရှားသည် ခါကိဗ်ဒေသတွင် စစ်သားထောင်ချီချထားသည်ဟု ယူကရိန်းလုံခြုံရေးအကြီးအကဲ အိုလက်ဇန်ဒါလိုက်ဗနီနင်ကိုက ပြောကြားခဲ့သည်။

“ရုရှားတွေ အများကြီးပဲ။ တော်တော်များပါတယ်။ နယ်စပ်မှာ ကျွန်တော်တို့အင်အားက ၅,၀၀၀ လောက်ရှိပါတယ်။ အခုချိန်မှာ နောက်ထပ်အင်အား ၃၀,၀၀၀ လောက် လာနေပါတယ်”ဟု ၎င်းက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ရုရှား၏ရှောင်တခင် ထိုးစစ်ကို ချေမှုန်းရန် တတ်နိုင်သမျှ ယူကရိန်းသို့ လက်နက်များအမြန်ဆုံးပို့ဆောင်ရန် ဆောင်ရွက်နေသည်ဟု မေ ၁၃ ရက်တွင် အိမ်ဖြူတော်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ အရာရာကို တတ်နိုင်သမျှ လူသားဆန်ဆန် လုပ်နေတာဖြစ်ပါတယ်”ဟု အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က သတင်းထောက်များကို ပြောကြားခဲ့သည်။ လက်နက်အကူအညီသစ်များ ပေးပို့မည့်အစီအစဉ်ကို ရက်ပိုင်းအတွင်းကြေညာသွားမည်ဟု ၎င်းက ပြော ကြားခဲ့သည်။

ရုရှားထိုးစစ်စတင်ပြီးကတည်းက လူ ၅,၇၆၂ ဦးကို ရွှေ့ပြောင်းပေးထားသည်ဟု ခါကိဗ်ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အိုလက်ဆိုင်နီဂူဘော့က ပြောကြားခဲ့သည်။

“ဒီနေ့မှာ ဒေသခံ ၁,၆၀၀ လောက်ကို ရွှေ့ပြောင်းပေးဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

နယ်စပ်အနီး ပြည်နယ်အဆင့်ကလေးများဂေဟာမှ ကလေး ၁၁၃ ဦးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရန်လိုအပ်နေသည်ဟု ၎င်းကပြောသည်။                                

Ref: AFP

Most Read

Most Recent