ကုလသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုများကို အကြောင်းပြ၍ ကြားဝင်စွက်ဖက်နေခြင်းကို ရပ်တန့်ရန် အမေရိကန်၏ မဟာမိတ်များကို မြောက်ကိုရီးယား တိုက်တွန်း

ကုလသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုများကို အကြောင်းပြ၍ ကြားဝင်စွက်ဖက်နေခြင်းကို ရပ်တန့်ရန် အမေရိကန်၏ မဟာမိတ်များကို မြောက်ကိုရီးယား တိုက်တွန်း
အမည်ဖော်ပြခြင်းမရှိသည့် နေရာတစ်ခုရှိ စစ်လက်နက်ထုတ်လုပ်သည့် နေရာတစ်ခုတွင် စနိုက်ပါရိုင်ဖယ်ကို စမ်းသပ်နေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကိုတွေ့ရစဉ်(Photo:AFP)
အမည်ဖော်ပြခြင်းမရှိသည့် နေရာတစ်ခုရှိ စစ်လက်နက်ထုတ်လုပ်သည့် နေရာတစ်ခုတွင် စနိုက်ပါရိုင်ဖယ်ကို စမ်းသပ်နေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကိုတွေ့ရစဉ်(Photo:AFP)
Published 14 May 2024

ဒေသတွင်း၌ တင်းမာမှုများ ဖြစ်ပွားအောင် လှုံ့ဆော်နေခြင်းကို ရပ်တန့်ရန် ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန် အပါအဝင် အမေရိကန်၏ မဟာမိတ်များကို မြောက်ကိုရီးယားက သတိပေးလိုက်သည်။

စစ်ရေးအရ ကြားဝင်စွက်ဖက်မှုများနှင့် ကုလသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုများအား ချိုးဖောက်မှုများအပေါ် စောင့်ကြည့်နေသည်ဟု အကြောင်းပြ၍ အမေရိကန်၏ မဟာမိတ်များက မြောက်ကိုရီးယားအား တိုးမြှင့်စောင့် ကြည့်မှုများကို ရှုတ်ချကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။

ကုလသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုများကို စောင့်ကြည့်သည်ဟူသော အကြောင်းပြချက်ဖြင့် အာရှ-ပစိဖိတ်ဒေသတွင် စစ်ရေးအရ ပေါ်ပေါ်ထင်ထင် ကြားဝင်စွက်ဖက်နေခြင်းကို ချက်ချင်းရပ်တန့်ရန် ဗြိတိန်၊ ကနေဒါ၊ ဂျာ မနီ၊ ပြင်သစ်၊ နယူးဇီလန်နှင့် သြစတြေးလျတို့ကို တိုက်တွန်းကြောင်း မြောက်ကိုရီးယားနိုင် ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံဟာ အချုပ်အခြာအာဏာနဲ့ အဲဒီလိုစောင့်ကြည့်မှုတွေနဲ့ ပတ်သက်ပြီး ဘေးကင်းမှုရှိအောင် ထိထိရောက်ရောက် ကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်”ဟု မြောက်ကိုရီးယား၏ တရားဝင်အမည်ကို သုံးနှုန်း၍ KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

“အမေရိကန်ရဲ့နောက်ကို မျက်စိစုံမှိတ်ပြီးလိုက်နေတဲ့ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ သူတို့ရဲ့မူဝါဒဟာ သူတို့ရဲ့အကျိုးစီးပွားတွေကို ပြန်ထိခိုက်စေမယ့် လုပ်ရပ်ဆိုတာကို အနောက်နိုင်ငံတွေအနေနဲ့ လေးလေးနက်နက် စဉ်းစားသုံးသပ်သင့်တယ်”ဟုလည်း KCNA က ဆိုသည်။

မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ကြပ်မတ်ဆောင်ရွက်ရန် ဧပြီလက ကိုရီးယားကျွန်းဆွယ်အနီး ရေပြင်နယ်နိမိတ်ထဲတွင် တောင်ကိုရီးယားနှင့် ဗြိ တိန်က ရေကြောင်းကင်းလှည့်မှုများ ပူးတွဲလုပ်ဆောင်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်လကလည်း အမေရိကန်သည် တောင်ကိုရီးယား၊ ဂျပန်ရေတပ်နှင့်အတူ နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ယခုလအစောပိုင်းကလည်း မြောက်ကိုရီးယားအား စောင့်ကြည့်နေသည့် သြစတြေးလျ ရဟတ်ယာဉ်တစ်စင်းကို နိုင်ငံတကာလေပိုင်နက်အတွင်း တရုတ်စစ်လေယာဉ်တစ်စင်းက ကြားဖြတ်ဟန့်တားခဲ့သည်။

မေ ၄ ရက်က ကုလသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုများအား စောင့်ကြည့်ရေးမစ်ရှင်အတွက် ပင်လယ်ဝါကိုဖြတ်၍ ပျံသန်းနေသည့် သြစတြေးလျ၏ ဆီးဟော့ခ်အမျိုးအစား ရဟတ်ယာဉ်တစ်စင်းကို တရုတ်ဂျက်တိုက် လေယာဉ် တစ်စင်းက ကြားဖြတ်ဟန့်တားခဲ့သည်ဟု သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသည်။

တရုတ်ဂျက်တိုက်လေယာဉ်သည် သြစတြေးလျ ရဟတ်ယာဉ်ပျံသန်းနေသည့် လမ်း ကြောင်းတစ်လျှောက်ဆီသို့ မီးကျည်များပစ်ဖောက်ခဲ့ပြီး ယင်းသည် အန္တရာယ်ရှိသည့်လုပ်ရပ်ဖြစ်သည်ဟု သြစတြေးလျတာဝန်ရှိသူများက ပြောကြားသည်။

ယမန်နှစ် အောက်တိုဘာကလည်း ကနေဒါ စစ်လေယာဉ်တစ်စင်းသည် အလားတူ အခြေအနေ၌ပင် ကြားဖြတ်ဟန့်တားခြင်းခံခဲ့ရကြောင်း သိရသည်။

Ref:SCMP

Most Read

Most Recent