မော်လမြိုင်မြို့ရှိ အေးသန္တာဆေးရုံ လုပ်ငန်းလိုင်စင် သုံးလ ရပ်နားခံရ

မော်လမြိုင်မြို့ရှိ အေးသန္တာဆေးရုံ လုပ်ငန်းလိုင်စင် သုံးလ ရပ်နားခံရ
Published 3 May 2024

မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ထားဝယ်စုရပ်ရှိ အေးသန္တာဆေးရုံမှာ မေလ ၁ ရက်မှစတင်ကာ ကျန်းမာရေးလိုင်စင် သုံး လ ရပ်နားခံရကြောင်း သိရသည်။

အဆိုပါ အေးသန္တာဆေးရုံတွင်   CDM ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေး ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေကြောင်း စစ်ဆေးတွေ့ရှိမှုကြောင့် ဆေးရုံ၏ လုပ်ငန်းလိုင်စင်ကို သုံးလ ရပ်ဆိုင်းမည်ဖြစ်ကြောင်းကို ကုသရေးဦးစီးဌာန (နေပြည်တော်) မှ အသိပေး အကြောင်းကြား လာသည့်အတွက်ကြောင့် ယင်းကဲ့သို့ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ပြည်နယ် ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အဓိကကတော့ မော်လမြိုင်မြို့ပေါ်မှာရှိတဲ့ ပုဂ္ဂလိကဆေးရုံတွေ၊ ဆေးခန်းတွေ၊ ဆေးပေးခန်းတွေမှာ CDM လုပ်ဆောင်ထားတဲ့ ဆရာဝန်၊ သူနာပြု နဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာတွေရှိတယ်။ အဲ့ဒီအထဲကမှ CDM ဆရာဝန်တွေ၊ သူနာပြုတွေ အလုပ်လုပ်ကိုင်နေတဲ့ ဆေးရုံတွေ၊ ဆေးပေးခန်းတွေကို အရေးယူလိုက်တဲ့ သဘောမျိုးဖြစ်ပါတယ် ဟု ပြောကြားသည်။

ထို့အပြင် အေးသန္တာဆေးရုံတွင် သူနာပြုသွားဖွားလိုင်စင်များကို မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကာလသတ်မှတ်၍ ဆိုင်းငံ့ထားသော သူနာပြုများလည်း ပါဝင်အလုပ်လုပ်ကိုင်နေကြကြောင်းကိုလည်း စိစစ်တွေ့ရှိခဲ့ရကြောင်း ၎င်းကဆိုသည်။

ထိုအခြေအနေများကြောင့် အေးသန္တာဆေးရုံလိုင်စင် ရရှိသူသည် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ - ၁၉၊ ပုဒ်မခွဲ (က) ပါ လိုင်စင်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် မေလ (၁) ရက်မှ စတင်ကာ ဆေးရုံလုပ်ငန်းများအား သုံး လ ရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်း ပုဂ္ဂလိကဆေးရုံပေါင်း (၁၀) ခုထက်နည်းရှိပြီး ပြည်နယ်အတွင်းမှ လူနာများအပြင်၊ ကရင်ပြည်နယ်ဘက်မှ လူနာများလည်း လာရောက်ကာ ဆေးကုသမှုခံယူကြလေ့ရှိကြောင်း သိရသည်။

Most Read

Most Recent