KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွမ်အား ငြိမ်းချမ်းရေးလုပ်ဆောင်သည့်နေရာတွင် ပူးပေါင်းဆွေးနွေးရန်ခေါ်ထားခြင်းဖြစ်ပြီး ပြန်လည်ဖမ်းခြင်းမဟုတ်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြစ်ကြီးနားအကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း လက်ရှိကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွမ်သည် ဧပြီ ၁၇ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီးနောက် ယင်းနေ့ညပိုင်း၌ပင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခေါ်ဆောင်သွားမှုနှင့်ပတ်သက်၍ BBC သတင်းဌာနသို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ဖြေကြားထားခြင်းဖြစ်သည်။
“ သူက KBC မှာ ငြိမ်းချမ်းရေးအကျိုးဆောင်လည်း လုပ်တဲ့သူဖြစ်တယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးနိုင်အောင်၊ သူ့ဆီကလည်း အခြေအနေ မေးမြန်းနိုင်အောင် ခေါ်ထားတာဖြစ်ပါတယ်။ ဖမ်းတာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးလုပ်ဆောင်တဲ့နေရာမှာ ပူးပေါင်း၊ ဆွေးနွေးဖို့ပါ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထိုသို့ ဒေါက်တာခလမ်ဆမ်ဆွမ် ခေါ်ဆောင်သွားရာတွင် ၎င်း၏ဇနီးနှင့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာတို့ကိုလည်း ခေါ်ဆောင်သွားကြောင်း အဆိုပါဖြစ်စဉ်အား သိရှိသူတစ်ဦးက Eleven Media ကို ပြောကြားထားသည်။
ဒေါက်တာခလမ်ဆမ်ဆွမ်အား မြစ်ကြီးနားအကျဉ်းထောင် အထူးတရားရုံးက ၂၀၂၃ ခုနှစ် ဧပြီ ၇ ရက်တွင် မတရားအသင်းဆယ်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ်နှစ်နှစ်၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(က)ဖြင့် ထောင်ဒဏ်တစ်နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ်သုံးနှစ် စုစုပေါင်း ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာခလမ်ဆမ်ဆွမ်သည် မန္တလေးတံတားဦးလေဆိပ်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး ဒီဇင်ဘာ ၂၈ ရက်တွင် မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
သိက္ခာတော်ရဆရာဖြစ်သူ ဒေါက်တာခလမ်ဆမ်ဆွမ်သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)တွင် အတွင်းရေးမှူးအဖြစ် ရှစ်နှစ်၊ ဥက္ကဋ္ဌအဖြစ်လေးနှစ် တာဝန်ထမ်းဆောင်ပြီးနောက် လက်ရှိတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေသူဖြစ်သည်။
ထို့အပြင် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့(WMR) တွင် လက်ရှိဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။