မြန်မာနိုင်ငံဘက်အသီးသီးက တရားဥပဒေမူဘောင်အတွင်း၌ ဆွေးနွေးညှိနှိုင်းပြီး သက်ဆိုင်ရာ ပြဿနာကိုဖြေရှင်းရန် အားပေးထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က Mr. Lin Jian က ပြောကြားသည်။
ဧပြီ ၁၇ ရက်၌ ကျင်းပသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ရိုက်တာသတင်းဌာနမှ သတင်းထောက်က မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်သည်ဟု သတင်းမီဒီယာများတွင်ဖော်ပြကြကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ကြားဝင်စေ့စပ်ရာတွင် အရေးကြီးသော ကဏ္ဍမှပါဝင်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်သတင်းအပေါ် တရုတ်နိုင်ငံက ကြိုဆိုပါသလားဟူသည့် မေးမြန်းချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jian က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။
“တရုတ်နိုင်ငံသည် အဆိုပါသတင်းကို သတိထားမိပါကြောင်း၊ မြန်မာနိုင်ငံဘက်အသီးသီးက တရားဥပဒေမူဘောင်အတွင်း၌ ဆွေးနွေးညှိနှိုင်းပြီး သက်ဆိုင်ရာ ပြဿနာကိုဖြေရှင်းရန် တရုတ်နိုင်ငံမှ အားပေးထောက်ခံမှုကို ထပ်လောင်းပြောကြားလိုကြောင်း” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jian က ပြောကြားသည်။
လတ်တလောတွင် ဖြစ်ပေါ်လျက်ရှိသည် ရာသီဥတုအပူရှိန်ပြင်းထန်မှုကြောင့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးကို ကျန်းမာရေးအရ လုံခြုံစိတ်ချရသည့်နေရာတွင် ရွှေ့ပြောင်းထားကြောင်း စုံစမ်းမှုများအရ သိရသဖြင့် ယင်းသတင်းနှင့်ပတ်သက်၍ Eleven Media Group က ဧပြီ ၁၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ထို့နောက် အဆိုပါသတင်းနှင့်ပတ်သက်၍ နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA နှင့် BBC သတင်းဌာန၏ မေးမြန်းမှုအပေါ် ဖြေကြားထားရာတွင် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သာမက ကျန်းမာရေးအရ လိုအပ်သည့် အကျဉ်းသားများ၊ သက်ကြီးအကျဉ်းသားများကို အပူဒဏ်သက်သာစေရေး နည်းလမ်းများရှာဖွေဆောင်ရွက်ပေးနေဟု ပြောကြားသည်။
ထို့အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၇ ရက်တွင် ထုတ်ပြန်ရာ၌ သမ္မတဟောင်းဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို အကျဉ်းထောင်မှ နေအိမ်သို့ ပြောင်းရွှေ့သည်ဟူသော သတင်းကို အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုများအား တုံ့ပြန်ရာတွင် အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ်အဖြစ်ကြိုဆိုကြောင်း၊ အာဆီယံဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ခြင်းကို ရှေ့တိုးဆောင်ရွက်ရန်အလို့ငှာ ၎င်းတို့ကို အပြည့်အဝြပန်လွှတ်ပေးရန် ဦးတည်စေသော နောက်ထပ်အပြုသဘောဆောင်သော အဆင့်များကို ဆက်လက်လုပ်ဆောင်ရန် ထိုင်းအစိုးရက တောင်းဆိုသည်ဟု ဖော်ပြခဲ့သည်။