တောင်ကြီးအဆင်းလမ်းတွင် တွဲကားတစ်စီး လမ်းချော်တိမ်းမှောက်မှုဖြစ်ပွားပြီး အခြားယာဉ်ငယ်များအား တိုက်မိမှုဖြစ်စဉ်မှ သေဆုံးသူ ငါးဦးထိရှိလာ

တောင်ကြီးအဆင်းလမ်းတွင် တွဲကားတစ်စီး လမ်းချော်တိမ်းမှောက်မှုဖြစ်ပွားပြီး အခြားယာဉ်ငယ်များအား တိုက်မိမှုဖြစ်စဉ်မှ သေဆုံးသူ ငါးဦးထိရှိလာ
Published 8 April 2024

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဧပြီ ၇ ရက် ညနေ ၆ နာရီခွဲအချိန် ကျောက်မီးသွေး တင်ဆောင်လာသော တွဲကား လမ်းချော်တိမ်းမှောက်ခြင်းကြောင့် သေဆုံးသူ ငါးဦးထိရှိလာကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ဖြစ်စဉ်မှာ တောင်ကြီးမှ အဆင်းလမ်းအတိုင်း ဆင်းလာသော တွဲကားမော်တော်ယာဉ်သည် ပစောက်ကွေ့ စစ်ဆေးရေးဂိတ်နားအရောက်တွင် လမ်းချော်၍ အတက်လမ်းအတိုင်း လမ်းပြောင်းပြန် ဆင်းသွားကြောင်း၊ ယင်းနောက် အတက်လမ်းတစ်လျှောက် ကားငယ်များကို တိုက်မိပြီး အောက်ဘက်လမ်းရှိ အဆင်းလမ်းသို့ ပြုတ်ကျစဉ် ပရိုဘောက်စ်ပေါ် ပြုတ်ကျသွားခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ထိုသို့ဖြစ်ပွားရာတွင် အခင်းဖြစ်ရာနေရာ၌ ပွဲချင်းပြီးသေဆုံးသူ သုံးဦးရှိကာ လူနာကိုးဦးထက်မနည်း ဆေးရုံပို့ခဲ့ရကြောင်း သိရသည်။

မီးသတ်တပ်ဖွဲ့သတင်းများအရ အမျိုးသားငါးဦး၊ အမျိုးသမီး ခုနစ်ဦး၊ စုစုပေါင်း ၁၂ ဦးအနက် အမျိုးသား လေးဦး၊ အမျိုးသမီး လေးဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) နှင့် အမျိုးသားတစ်ဦး၊ အမျိုးသမီး သုံးဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဆေးရုံရောက်ပြီးမှ တွဲကားယာဉ်မောင်း၏ အမျိုးသမီး တစ်ဦး ထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်းသေဆုံးသူ ငါးဦးထိ ရှိလာခြင်းဖြစ်သည်။

ထို့ပြင် ဧပြီ ၇ ရက် ည ၁၂ နာရီအချိန်တွင် ကလောမြို့နယ် ဝက်ဖြူရေတွင်လည်း ဆီဘောက်စ်ဆာ ကားတိုက်မိခြင်းကြောင့် နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကလော- မိတ္ထီလာသွားလမ်း ဝက်ဖြူရေ ကျန်းမာရေးဆေးခန်းအနီး တောင်ကြီးမြို့နေ ဦးထွန်း၊  ဦးထူးမောင်လာသော ဆီဘောက်စ်ဆာ မော်တော်ယာဉ်တစ်စီး မိုးရွာစလစ်ဖြစ်ကာ တောင်နံရံအား ဝင်တိုက်မိကာ နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent