မညီမျှမှုများ လျှော့ချရေး

မညီမျှမှုများ လျှော့ချရေး
Published 27 October 2018

ပြည်ပရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်း ဝင်ရောက်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း သာမက ထိုက်တန်သော ခံစားခွင့်များ ဖန်တီးပေးနိုင်ခြင်းစသည့် စီးပွားရေး ရပ်ဝန်းအတွင်း မှန်ကန်တည်ငြိမ်သည့် ဖွံ့ဖြိုးမှုများ ရရှိရေးမှာ အရေးပါလျက်ရှိသလို တစ်ဖက်တွင်လည်း မညီမျှမှုများ လျှော့ချရန် လိုအပ်မည်ဖြစ်သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဝင်ငွေအဆင့်များ မညီမျှကို လျှော့ချရန်မှာ မြန်မာနိုင်ငံအတွက် အလျင်အမြန် ဆောင်ရွက်ရမည့် ကိစ္စရပ် ဖြစ်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြုလုပ်ခဲ့သည့် စီးပွားရေးလုပ်ငန်း စစ်တမ်းအရ စက်မှုကုန်ထုတ်လုပ်မှု ကဏ္ဍတွင် လုပ်ကိုင်နေကြသည့် လုပ်ငန်းအားလုံး၏ ၄၃ ရာခိုင်နှုန်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် တည်ရှိကြောင်း၊ အဆိုပါ ကွာဟချက်များကို ဆက်သွယ်ပေးရန်နှင့် ဟန်ချက်ညီမျှသည့် ဖွံ့ဖြိုးမှုဖန်တီးရန် ရင်းနှီးမြှုပ်နှံမှုများကို စိတ်အားထက်သန်စွာ လိုအပ်နေကြောင်း အဆိုပါစီမံကိန်းတွင် ဖော်ပြထားသည်။ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှာ မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဖွံ့ဖြိုးမှုဗဟို နေရာများအဖြစ် ဆက်လက် တည်ရှိနိုင်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများအတွက် အကြီးဆုံး ဗဟိုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးတွင်သာ အခြေပြုကြကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အများစု အထူးသဖြင့် စက်မှုကုန်ထုတ်လုပ်သူများနှင့် ရောင်းချသည့် ကုမ္ပဏီများမှာ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ အခြေခံ အဆောက်အအုံအဆင့်၊ စက်မှုဆက်သွယ် ပေါင်းစည်းခြင်း၊ ဖောက်သည်များနှင့် နီးကပ်မှု၊ လူနေမှု အဆင့်အတန်းနှင့် စက်ရုံတည်နေရာရရှိနိုင်ခြင်း စသည့် အဆင်ပြေသော အကြောင်းရင်းများကြောင့် ရန်ကုန်မြို့နှင့် ၎င်း၏အနီးဝန်းကျင် နေရာများကို ရင်းနှီးမြှုပ်နှံမှု တည်နေရာများအဖြစ် ရွေးချယ်ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး တည်ငြိမ်မှုနှင့်အတူ စီးပွားရေးကဏ္ဍ၏ ခိုင်မာသော ဖွံ့ဖြိုးမှုများကို ဆက်လက် ဖန်တီးနိုင်မည်ဖြစ်ကာ အခြားလိုအပ်သော ကဏ္ဍများအပေါ် ထောက်ပံ့နိုင်မည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံတိုင်းသည် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များနှင့် ရင်ဆိုင်ကြရလေ့ရှိရာ သက်ဆိုင်ရာ နိုင်ငံအတွင်းရှိ ဒေသများအကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မညီမျှခြင်း၊ ဝင်ငွေအဆင့် မညီမျှခြင်းများ၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းနှင့် လုပ်ခလစာ နည်းပါးခြင်း၊ ဝင်ငွေထွက်ငွေ မညီမျှစေသည့် ကုန်စျေးနှုန်း ကြီးမြင့်ခြင်း စသည့် ပြဿနာများကို ရင်ဆိုင်ရလေ့ရှိသည်။

မြန်မာနိုင်ငံ အနေဖြင့်လည်း ဒေသတစ်ခုနှင့် တစ်ခုအကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မညီမျှခြင်း၊ ဝင်ငွေအဆင့် မညီမျှခြင်းများ တွေ့ကြုံနေရကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြထားပြီး တရားဝင် စာရင်းများအရ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၄၅ ဒသမ ၉၇ ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၈ ဒသမ ၅၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းမှာ အစားအစာ အုပ်စုအတွက် ၁၅၈ ဒသမ ၆၉၊ အစားအစာ မဟုတ်သော အုပ်စုအတွက် ၁၂၈ ဒသမ ၀၇ နှင့် အုပ်စုအားလုံးအတွက် ၁၄၅ ဒသမ ၉၇ ရှိပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူ စျေးဆနှုန်း ၁၃၄ ဒသမ ၄၃ နှင့် နှိုင်းယှဉ်ပါက ၈ ဒသမ ၅၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

သို့ပါ၍ စစ်တမ်းများ၊ စာရင်းဇယား ကိန်းဂဏန်းများမှ ဖော်ပြနေသော အခြေအနေများသာမက မြေပြင်တွင် ပေါ်ပေါက်နေသော အခြေအနေများအပေါ် ဆန်းစစ်လေ့လာ၍ သက်ဆိုင်ရာအလိုက် လိုအပ်သည်များကို စနစ်တကျ ဖြေရှင်းဆောင်ရွက်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၂၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent