အိန္ဒိယရေတပ်က ဆိုမာလီပင်လယ်ဓားပြ ၃၅ ဦးကို မွမ်ဘိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံ

အိန္ဒိယရေတပ်က ဆိုမာလီပင်လယ်ဓားပြ ၃၅ ဦးကို မွမ်ဘိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံ
မတ် ၂၃ ရက်က မွမ်ဘိုင်းမြို့ သင်္ဘောကျင်းတွင် ဆိုမာလီပင်လယ်ဓားပြများနှင့် အိန္ဒိယရေတပ်ကွန်မန်ဒိုများကို တွေ့ရစဉ်
မတ် ၂၃ ရက်က မွမ်ဘိုင်းမြို့ သင်္ဘောကျင်းတွင် ဆိုမာလီပင်လယ်ဓားပြများနှင့် အိန္ဒိယရေတပ်ကွန်မန်ဒိုများကို တွေ့ရစဉ်
Published 24 March 2024

အိန္ဒိယရေတပ်သည် ပင်လယ်နီအရှေ့ပိုင်းတွင် ပင်လယ်ဓားပြတိုက်ဖျက်ရေး စစ်ဆင်ရေးများကို ရက်ပေါင်း ၁၀၀ ကြာ ပြုလုပ်ခဲ့ပြီးနောက် မတ် ၂၃ ရက်တွင် ဆိုမာလီပင်လယ်ဓားပြ ၃၅ ဦးကို မွန်ဘိုင်းရဲတပ်ဖွဲ့ထံ လွှဲ ပြောင်းအပ်နှံခဲ့သည်။

ပင်လယ်နီတွင် ယီမင်ရှိ ဟူရ်သီသူပုန်အဖွဲ့၏ တိုက်ခိုက်မှုများနှင့်အတူ ဆယ်စုနှစ်တစ်စုနီးပါးအတွင်း ပင်လယ်ဓားပြမှုများ နောက်တစ်ကြိမ် ပြန်လည်မြင့်တက်လာခဲ့သည်။

အေဒင်ပင်လယ်ကွေ့နှင့် အာရေဗျပင်လယ် မြောက်ပိုင်းဒေသတွင် အကြီးဆုံး နိုင်ငံတကာ တပ်ဖွဲ့ဖြစ်သည့် အိန္ဒိယရေတပ်သည် လွန်ခဲ့သည့် သုံးလခန့်က ဆိုမာလီကမ်းလွန်တွင် ပြန်ပေးဆွဲခံခဲ့ရသည့် MV Ruen သင်္ဘောပေါ်ရှိ ပင်လယ်ဓားပြများကို ပြီးခဲ့သည့်သီတင်းပတ်က ဖမ်းဆီးနိုင်ခဲ့သည်။

ပင်လယ်နီတွင် ဟူရ်သီသူပုန်အဖွဲ့၏ တိုက်ခိုက်မှုများရန်မှ ကုန်တင်သင်္ဘောများကို ကာကွယ်ပေးရန် အနောက်နိုင်ငံများမှ ရေတပ်များက အာရုံစိုက်လုပ်ဆောင်နေမှုကို အခွင့်ကောင်းယူသည့်အနေဖြင့် ပင်လယ်ဓား ပြများသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက ပြန်ပေးဆွဲရန်ကြိုးပမ်းမှုပေါင်း အကြိမ် ၂၀ ကျော်ပြုလုပ်ခဲ့သဖြင့် သင်္ဘောကုမ္ပဏီများ၏ အာမခံကြေးများမြင့်တက်မှု၊  လုံခြုံရေးကုန်ကျစရိတ်များကို မြင့်တက်စေခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ သင်္ဘောကုမ္ပဏီများအတွက် အကျပ်အတည်းတစ်ခု ထပ်မံပေါ် ပေါက်ခဲ့သည်။

ဟူသ်သီတို့၏ တိုက်ခိုက်မှုများနှင့် ပင်လယ်ဓားပြမှုများ မြင့်တက်လာသည့် အခြေအနေကြောင့် သင်္ဘောများ သည် အာဖရိက တောင်ပိုင်းရှိ ရှည်လျားသည့် လမ်းကြောင်းမှ ရှောင်ကွင်းကာ မောင်းနှင်နေရသဖြင့် ပင် လယ်နီနှင့် ယင်းဒေသအနီးတွင် ပင်လယ်ကူး သင်္ဘောများဖြတ်သန်းသွားလာမှု ထက်ဝက် လျော့ကျခဲ့သည်ဟု အိန္ဒိယရေတပ်က ပြောကြားခဲ့သည်။

အိန္ဒိယကွန်မန်ဒိုများ၏ ဖမ်းဆီးမှုခံခဲ့ရသည့် ပင်လယ်ဓားပြများအနေဖြင့် အိန္ဒိယ၏ ၂၀၂၂ ခုနှစ် ပင်လယ်ဓားပြတိုက်ဖျက်ရေး ဥပဒေအောက်တွင် ပထမဆုံးအကြိမ်အဖြစ် တရားစီရင်ခံရမည်ဖြစ်ပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရနိုင်သည်။

အိိန္ဒိယ၏ ပင်လယ်ဓားပြတိုက်ဖျက်ရေး ဥပဒေတွင် ရေတပ်ကို ကမ်းလွန်ပင်လယ်ပြင်များတွင် ပင်လယ်ဓားပြများအား ဖမ်းဆီးခွင့် ပြုထားသည်။

ဆိုမာလီပင်လယ်ဓားပြများသည် အခြားသင်္ဘောများကို တိုက်ခိုက်မှုများ ပြုလုပ်ရန် MV Ruen သင်္ဘောကို ၎င်းတို့၏ မိခင် သင်္ဘောအဖြစ်အသုံးပြုခဲ့သည်ဟု အိန္ဒိယ ရေတပ်ဗိုလ်ချုပ်ကြီး အာရ်ဟာရီ ကူမာက ပင်လယ်ဓားပြတိုက်ဖျက်သည့် စစ်ဆင်ရေး၏ ရက်ပေါင်း ၁၀၀ ပြည့်အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အိန္ဒိယရေတပ်ကွန်မန်ဒိုများသည် MV Ruen သင်္ဘောပေါ်မှ သင်္ဘောအမှုထမ်း ၁၇ ဦးစလုံးကို ကယ်တင်နိုင်ခဲ့သည်။

စစ်ဆင်ရေးကာလအတွင်း အိန္ဒိယရေတပ်သည် ဖြစ်စဉ် ၁၈ ခုကို တုံ့ပြန်ဆောင်ရွက်ခဲ့ပြီး စစ်မှုထမ်း ၅၀၀၀ ကို အလှည့်ကျတာဝန်ဖြင့် သင်္ဘော ၂၁ စင်းအသုံးပြုကာ ဖြန့်ကြက်ချထားခဲ့ကြောင်း၊ သင်္ဘောအစင်းပေါင်း ၁၀၀၀ ကျော်ပေါ်သို့ တက်ရောက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ရေတပ်က ပြောကြားခဲ့သည်။

“အဓိက တာဝန်ကတော့ ဘေးကင်းလုံခြုံရေးနဲ့ တည်ငြိမ်မှုရှိစေရေးကို စိတ်ချသေချာစေဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပင်လယ်ဓားပြမှုဖြစ်စဉ်တွေမှာ အရင်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းရှိပြီး ယုံကြည်စိတ်ချရတဲ့ လုံခြုံရေးမိတ်ဖက်တွေဖြစ်ကာ အိန္ဒိယသမုဒ္ဒရာရဲ့ ဘေးကင်းလုံခြုံမှု၊ တည်ငြိမ်မှုကို စိတ်ချသေချာအောင် လုပ်ဆောင်ပေးမှာပါ” ဟု ကူ မာက ပြောကြားခဲ့သည်။      Ref:Reuters

Most Read

Most Recent