တူရကီနှင့် ဆီးရီးယား ငလျင်ကြောင့် သေဆုံးသူ ၆၀၀၀၀ နီးပါးအထိ မြင့်တက်လာ

တူရကီနှင့် ဆီးရီးယား ငလျင်ကြောင့် သေဆုံးသူ ၆၀၀၀၀ နီးပါးအထိ မြင့်တက်လာ
တူရကီနိုင်ငံ အန်တက်ယာမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျခဲ့သည့် အပျက်အစီးများအား ရှင်းလင်းနေပုံကို ဇန်နဝါရီ ၁၂ ရက်က တွေ့ရစဉ်(Photo: AFP)
တူရကီနိုင်ငံ အန်တက်ယာမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျခဲ့သည့် အပျက်အစီးများအား ရှင်းလင်းနေပုံကို ဇန်နဝါရီ ၁၂ ရက်က တွေ့ရစဉ်(Photo: AFP)
Published 3 February 2024

ပြီးခဲ့သည့်နှစ်က တူရကီနှင့်ဆီးရီးယားနယ်စပ်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၆၀၀၀၀ နီးပါးအထိ ရှိလာခဲ့ပြီး တူရကီတစ်နိုင်ငံတည်းမှာပင် လူပေါင်း ၅၃၅၃၇ ဦးအထိ သေဆုံးခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၆ ရက်က ရစ်ချ်တာစကေး ၇ ဒသမ ၈ ပြင်းအားရှိငလျင် လှုပ်ခတ်မှုကို တူရကီနိုင်ငံအရှေ့တောင်ပိုင်းဒေသတွင် အဆိုးရွားဆုံးခံခဲ့ရပြီး ၎င်း၏အိမ်နီးချင်းဆီးရီယားနိုင်ငံ၏ အစိုးရ၏ ထိန်းချုပ်နယ်မြေများတွင် သေဆုံးသူ ၁၄၁၄ ဦးရှိခဲ့သည်။

တူရကီက ကျောထောက်နောက်ခံပေးထားသည့် ဆီးရီးယားမြောက်ပိုင်းရှိ အရာရှိများကမူ ဆီးရီးယား၏ သူပုန်များထိန်းချုပ်ထားသည့် ဒေသများတွင် ငလျင်ကြောင့် သေဆုံးသူ ၄၅၃၇ ဦးရှိကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် တရားဝင်ထုတ်ပြန်ခဲ့သည့် သေဆုံးသူ စုစုပေါင်းမှာ ၅၉၄၈၈ ဦးအထိရှိခဲ့သဖြင့် တူရကီ-ဆီးရီးယားငလျင်သည် ၁၉၇၀ ပြည့်နှစ်က လူပေါင်း ၆၇၀၀၀ သေဆုံးခဲ့သည့်ပီရူးငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း လူ သေဆုံးမှုအများဆုံး ငလျင်တစ်ခုဖြစ်လာခဲ့သည်။

ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မကြာမီသီ တင်းပတ်များအတွင်း တူရကီအာဏာပိုင်များက ထုတ်ပြန်သည့် လူသေဆုံးမှုစာရင်းတွင် သေဆုံးသူ ၅၀၇၈၃ ဦးဟု ဖော်ပြခဲ့သည်။

ငလျင်လှုပ်ခတ်မှု တစ်နှစ်မပြည့်မီ ဖေဖော်ဝါရီ ၂ ရက်တွင် နောက်ဆုံးရ ကိန်းဂဏန်းများကို ဖော်ပြထားသည့် တူရကီ ပြည်ထဲရေးဝန်ကြီး အလီယာလီကာယာက ထုတ်ပြန်သည့် အစီရင်ခံစာတွင် တူရကီ၏ အရှေ့ တောင်ဘက်ပြည်နယ် ၁၁ ခုကို ထိခိုက်စေခဲ့သည့် အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေကို ၅၃၅၃၇ ဟု ပြောင်းလဲဖော်ပြခဲ့သည်။

ထိုငလျင်ကြောင့် တူရကီတွင်လူပေါင်း ၁၄ သန်းခန့် ထိခိုက်နစ်နာခဲ့ရကြောင်း ယာလီကာယာက ပြောကြားခဲ့သည်။

ရစ်ချ်တာစကေး ၇ ဒသမ ၈ ပြင်းအားရှိ ပထမငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ယင်းနေ့တစ်နေ့တည်းမှာပင် ရစ်ချ်တာစကေး ၇ ဒသမ ၅ ပြင်းအားရှိ ငလျင်အပါအဝင် နောက်ဆက်တွဲငလျင်များ ဆက်တိုက်လှုပ်ခတ်မှု ကြောင့် တူရကီတွင် အဆောက်အအုံပေါင်း ၃၈၉၀၁ လုံးခန့် ပျက်စီးခဲ့သည်။

လက်ရှိတွင် ငလျင်ကြောင့် နေအိမ်များကို ဆုံးရှုံးခဲ့ရပြီး နေစရာနေရာ မရှိသေးသည့် ငလျင်ဘေးဒုက္ခသည် ၆၉၁၀၀၀ ဦးအတွက် တူရကီအစိုးရက သတ္တုကွန်တိန်နာ ၂၁၅၂၂၄ လုံးကို ယာယီနေရာထိုင်ခင်းအဖြစ် ဖန်တီး တည်ဆောက်ပေးခဲ့ကြောင်း ယာလီကာယာက ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံတွင်လည်း အလက်ပို၊ လက်တာကီယာ၊ ဟာမာနှင့် အစ်ဒလစ်ဘ်မြို့များသည် ငလျင်ဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရပြီး ပြည်တွင်းစစ်ကြောင့် ယိုယွင်းနေသည့် အဆောက်အအုံများပြိုကျခဲ့ကာ သောက်သုံး ရေပေးဝေသည့်စနစ်များ ပျက်စီးခဲ့သည်။

ငလျင်လှုပ်ခတ်မှုအပြီးတွင် တူရကီနိုင်ငံ၏ ကလေးသူငယ်ပေါင်း ၂ သန်းခွဲနှင့် ဆီးရီးယားနိုင်ငံ၏ ကလေးသူငယ်ပေါင်း ၃ ဒသမ ၇ သန်းခန့်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည်ဟု ကုလသမဂ္ဂကလေးသူငယ်အေဂျင်စီ(UNICEF)က ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် ပြောကြားခဲ့သည်။

ထို့ပြင် သောက်သုံးရေပေးဝေသည့်စနစ်များ ပျက်စီးခဲ့သဖြင့် သန်းနှင့်ချီသည့် ကလေးများသည် ကာလဝမ်းရောဂါနှင့် အသည်းရောင်ရောဂါများအပါအဝင် ရေမှတစ်ဆင့် ကူးစက်ဖြစ်ပွားသည့် ရောဂါများ၏ အန္တရာယ်နှင့်ရင်ဆိုင်နေရကြောင်း UNICEF က သတိပေးခဲ့သည်။

Ref: AFP

Most Read

Most Recent