သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ပုတိမ်ရိုးကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းနံဘေးတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ပုတိမ်ရိုးကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းနံဘေးတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
Published 19 January 2024

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ပုတိမ်ရိုးကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းနံဘေးတွင် ဇန်နဝါရီ ၁၈ ရက် ည ၇ နာရီဝန်းကျင်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူမှာ အဝေးပြေးကားလက်မှတ်များ ရောင်းချသူ ကိုမျိုးမင်းဆိုသူဖြစ်ကြောင်းနှင့် ၎င်းကို သေနတ်သမား နှစ်ဦးက ဆိုင်ကယ်စီး၍ လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “သေနတ်သံတွေ ငါးချက်လောက် ကြားလိုက်တာ။ နောက်မှ ကားလက်မှတ်ရောင်းတဲ့ ကိုမျိုးမင်း သေနတ်နဲ့ အပစ်ခံရတာလို့ သိတာ” ဟု ပြောကြားသည်။

သေနတ်နှင့် ပစ်ခတ်ခံခဲ့ရသည့် ကိုမျိုးမင်းတွင် ရင်ဘတ်၌ သေနတ်ဒဏ်ရာသုံးချက်၊ ဦးခေါင်းနောက်စေ့တွင် သေနတ်ဒဏ်ရာ နှစ်ချက်ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း အဆိုပါဒေသခံက ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ကိုမျိုးမင်း၏အလောင်းအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က သိမ်ဆိပ်တိုက်နယ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်ကလည်း သထုံမြို့နယ် သုဝဏ္ဏဝတီမြို့နေ ဦးသန်းနိုင်ဆိုမှာ ကျိုက္ကော်ရပ်ကွက် တိုင်ကောက်လမ်းရှိ မုန့်ဟင်းခါးဆိုင်တွင် မုန့်ဟင်းခါးစားပြီးနောက် ၎င်းမောင်းနှင်လာသည့် မော်တော်ကားထံသို့ ပြန်လာစဉ် မော်တော်ဆိုင်ကယ်နှင့် သေနတ်သမားနှစ်ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားသည့်အတွက် သေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

Most Read

Most Recent