Puma နှင့် ပြောင်းလဲလက်တွဲရန်အတွက် လက်ရှိဝတ်စုံစပွန်ဆာကုမ္ပဏီ Nike ကို နစ်နာကြေးပေး၍ စာချုပ်ဖျက်သိမ်းရန် ဘာစီလိုနာအသင်း စီစဉ်

Puma နှင့် ပြောင်းလဲလက်တွဲရန်အတွက် လက်ရှိဝတ်စုံစပွန်ဆာကုမ္ပဏီ Nike ကို နစ်နာကြေးပေး၍ စာချုပ်ဖျက်သိမ်းရန် ဘာစီလိုနာအသင်း စီစဉ်
Photo: Goal
Photo: Goal
Published 17 January 2024

 

ဘာစီလိုနာအသင်းသည် ဂျာမန်အားကစားဝတ်စုံကုမ္ပဏီ Puma နှင့် ပြောင်းလဲလက်တွဲရန်အတွက် အမေရိကန်အားကစားဝတ်စုံကုမ္ပဏီ Nike ကို နစ်နာကြေးပေး၍ စာချုပ်ဖျက်သိမ်းရန် စီစဉ်နေကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် Nike နှင့် ၁၉၉၈ ခုနှစ်ကတည်းက လက်တွဲလာခဲ့ခြင်းဖြစ်ပြီး လက်ရှိစာချုပ်မှာ ၂၀၂၈ ခုနှစ်အထိ ဖြစ်သည်။ ယင်းစာချုပ်အရ ဘာစီလိုနာအသင်းသည် Nike ထံမှ တစ်နှစ်လျှင် ယူရို(၁၅၅)သန်း ရရှိနေသည်။ အဆိုပါစာချုပ်၌ ဘာစီလိုနာအသင်းအနေဖြင့် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မရရှိလျှင် (သို့မဟုတ်) လာလီဂါမှ တန်းဆင်းခဲ့ရလျှင် စာချုပ်ကို ဖျက်သိမ်းနိုင်သည်ဟူသော သဘောတူညီမှုလည်း ပါဝင်ခဲ့့သည်။ 

ဘာစီလိုနာအသင်းသည် Nike နှင့် လမ်းခွဲရန် စီစဉ်နေကြောင်း ပြီးခဲ့သည့်လများကတည်းက သတင်းထွက်ပေါ်နေခဲ့ပြီး ယခုအခါ အမှန်တကယ်လမ်းခွဲပြီး Puma နှင့် ပြောင်းလဲလက်တွဲရန် အလွန်နီးစပ်သည့်အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း စပိန်သတင်းစာ Marca က ထပ်မံဖော်ပြလာခဲ့ခြင်း ဖြစ်သည်။ 

ယင်းသတင်းစာ၏ အဆိုအရ Puma သည် ဘာစီလိုနာအသင်းကို တစ်နှစ်ယူရိုသန်း(၂၀၀)ပေးချေမည့်အပြင် ထပ်ဆောင်းဆုကြေးများနှင့် ပေါင်းစပ်လိုက်ပါက တစ်နှစ်လျှင် ယူရိုသန်း(၃၀၀)အထိ ရရှိနိုင်ကြောင်း သိရသည်။ Puma က အဆိုပါတန်ဖိုးပမာဏဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေပြီဖြစ်သောကြောင့် ဘာစီလိုနာအသင်းက Nike နှင့် စာချုပ်ဖျက်သိမ်းရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် Nike နှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း စာချုပ်ပါသဘောတူညီချက်အရ ကြိုတင်အကြောင်းကြားမည်ဆိုပါက ၂၀၂၆ ခုနှစ်တွင် စာချုပ်ဖျက်သိမ်းနိုင်သည့် အခွင့်အရေးရှိကြောင်း သိရသည်။ သို့သော် ဘာစီလိုနာအသင်းက အဆိုပါခုနှစ်မတိုင်မီ ၂၀၂၅ ခုနှစ်တွင်ပင် စာချုပ်ဖျက်သိမ်းလိုသောကြောင့် နစ်နာကြေးအဖြစ် ယူရိုသန်း(၂၀)မှ (၂၅)သန်းကြား ပေးအပ်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

ဘာစီလိုနာ အသင်းသည် အသင်း၏သမိုင်းတစ်လျှောက်တွင် ဝတ်စုံကုမ္ပဏီ(၃)ခုနှင့်သာ လက်တွဲဖူးပြီး ပထမဆုံးလက်တွဲခဲ့သည်မှာ ဘာစီလိုနာမြို့ခံကုမ္ပဏီ Meyba ဖြစ်သည်။ ယင်းကုမ္ပဏီနှင့် ၁၉၈၂ မှ ၁၉၉၂ ခုနှစ်အထိ လက်တွဲခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၁၉၉၂ မှ ၁၉၉၈ ခုနှစ်အထိ အီတလီဝတ်စုံကုမ္ပဏီ Kappa နှင့် လက်တွဲခဲ့သည်။ 

ထို့နောက် ၁၉၉၈ မှ လက်ရှိအချိန်အထိ Nike နှင့် လက်တွဲ ခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာအသင်းသည် သတင်းများ ထွက်ပေါ်နေသည့်အတိုင်း Puma နှင့် ပြောင်းလဲလက်တွဲ ခဲ့ပါက အနည်းဆုံး(၁၀)နှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်ပြီး ဘောလုံးလောကမှ ပထမဆုံးအကြိမ် ယူရို(၂)ဘီလီယံအထက် တန်ကြေးရှိသည့်စာချုပ် ဖြစ်လာမည်ဖြစ်သည်။

Most Read

Most Recent