မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို နောက်ဆုံးပွဲဖြစ်သည့် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်း ပွဲအပြီးတွင် ကျင်းပမည်ဖြစ်ပြီး အဆင့် ၁ မှ ၅ အထိရရှိသည့်အသင်းများကို ဆုကြေးငွေ များ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ရာသီပိတ်နောက်ဆုံးပွဲကို ဒီဇင်ဘာ ၁၈ ရက် ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး ချန်ပီယံဖြစ်သွားသည့် ရှမ်းယူနိုက်တက်အသင်းနှင့် ဒုတိယနေရာရခဲ့သည့် ရန်ကုန်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ချန်ပီယံအသင်း အဖြေထွက်ပေါ်ပြီးဖြစ်သော်လည်း ရှမ်းယူနိုက်တက်အသင်းအတွက် အရေးပါသည့်ပွဲဖြစ်နေပြီး အနိမ့်ဆုံးသရေ ကစားနိုင်ပါက သုံးရာသီမြောက် တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန် ရယူနိုင်မည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၉ ရာသီနှင့် ၂၀၂၂ ရာသီကလည်း တစ်ရာသီလုံး ရှုံးပွဲမရှိဘဲ ချန်ပီယံဆုရရှိဖူးပြီး ယခုရာသီတွင် ထပ်မံရယူနိုင်ပါက တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဆုရသည့် တတိယမြောက်ရာသီအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။
ထို့ပြင် ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၀ ရာသီ ကတည်းက ရှုံးပွဲမရှိခဲ့သည့်စံချိန်မှာလည်း ၅၅ ပွဲအထိရှိလာပြီး လာမည့်ရန်ကုန်နှင့်ပွဲတွင် ဆက်ထိန်းနိုင်ပါက ၅၆ ပွဲဆက်ရှုံးပွဲစံချိန် ပိုင်ဆိုင်မည်ဖြစ်သည်။ ရှမ်းယူနိုက်တက် အသင်းသည် ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဆုရပါက ပုံမှန်ရရှိမည့် ချန်ပီယံဆုဖလားအပြင် ရှုံးပွဲမရှိစံချိန်အတွက် ရွှေဖလားဆုပါ ထပ်မံရရှိမည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်သည် ရှမ်းယူနိုက်တက်-ရန်ကုန်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဆုကြေးများအဖြစ် ပထမဆု-ကျပ်သိန်း ၆၀၀၊ ဒုတိယဆု-ကျပ်သိန်း ၄၀၀၊ တတိယဆု-ကျပ် သိန်း ၃၀၀၊ စတုတ္ထဆုရ ကျပ်သိန်း ၂၀၀၊ ပဥ္စမ ဆု-ကျပ်သိန်း ၁၀၀ ချီးမြှင့်မည်ဖြစ်သည်။















