မြစ်ကြီးနား-မန္တလေး ပြည်ထောင်စုလမ်းပိုင်း နေရာအချို့တွင် လုံခြုံရေးအခြေအနေကြောင့် လမ်းပိတ်မှုများ ဖြစ်ပေါ်နေကြောင်း ယာဉ်မောင်းအချို့က ပြောကြားသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်မှစတင်ကာ မန္တလေး-မတ္တရာ-တကောင်း-ထီးချိုင့်-အင်းတော်-မြစ်ကြီးနား လမ်းပိုင်းတွင် ထီးချိုင့်နှင့် အင်းတော်မြို့နယ်အကြား မကြာခဏလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး နိုဝင်ဘာ ၉ ရက်တွင် အင်းတော်မြို့နယ် ပအဖအဖွဲ့က တကောင်း-ထီးချိုင့်-အင်းတော်လမ်းပိုင်းကို ယာယီပိတ်ထားကြောင်း ကြေညာသဖြင့်ကုန်ကားနှင့် ခရီးသည်တင်ကားများ အစီးရေဆယ်နှင့်ချီကာ အတက် ကားများ ပိတ်မိနေကြောင်း သိရသည်။
“ထီးချိုင့်အဝင်နှင့် အင်တော်ဘက်ကအဆင်းများတယ်။ ပိတ်မိနေတာ။ သူတို့တွေက ရက်ကြိုတော့ ကြေညာသင့်တယ်လေ။ အခုကထွက်လာပြီးမှ ပိတ်တာဆိုတော့ ကုန်ကားထက် လူစီးကားတွေက အဆင်မပြေ ဘူး”ဟု မော်တော်ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
မော်တော်ယာဉ်အများစုမှာ အင်းတော်-ရွှေဘိုလမ်းပိုင်းအား လုံခြုံရေးအခြေအနေကြောင့် အသွားအလာပြုလုပ်မှု အလွန်နည်းပါးပြီး အင်းတော်-ထီးချိုင့်-တကောင်း-မန္တလေးလမ်းပိုင်းကို အသုံးများကြောင်း သိရသည်။
မြစ်ကြီးနားမှ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက“ကျွန်တော်တို့ကတော့ ထီးချိုင့်ဘက်ကိုမသွားဘဲ ရွှေဘိုလမ်းကိုပဲ စုပြီးဆင်းလာကြတယ်။ ထီးချိုင့်ဘက်တက်တဲ့ကားတွေ လာမရကြဘူး”ဟု ဆိုသည်။