နှစ်နိုင်ငံနယ်စပ်တွင် လက်ရှိဖြစ်ပွားနေသည့်တိုက်ခိုက်မှုများ အမြန်ဆုံးတည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် တရုတ် ဆွေးနွေး 

နှစ်နိုင်ငံနယ်စပ်တွင် လက်ရှိဖြစ်ပွားနေသည့်တိုက်ခိုက်မှုများ အမြန်ဆုံးတည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် တရုတ် ဆွေးနွေး 
Published 1 November 2023

နှစ်နိုင်ငံနယ်စပ်တွင် လက်ရှိဖြစ်ပွားနေသည့်တိုက်ခိုက်မှုများ အမြန်ဆုံးတည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန် (Mr. Wang Xiaohong) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 

အောက်တိုဘာ ၃၁ ရက်က နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန် (Mr. Wang Xiaohong) တို့ တွေ့ဆုံဆွေးနွေးရာတွင် အထက်ပါအချက်ကို ထည့်သွင်းဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။ 

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနယ်နိမိတ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် နှစ်နိုင်ငံပြည်သူများ အဆင်ပြေအေးချမ်းစွာဖြင့် အပြန်အလှန် ကူးလူးဆက်သွယ်သွားလာနေထိုင်လုပ်ကိုင်နိုင်ရေးအတွက် နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တရုတ်- မြန်မာနယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် အဆင့်အစည်းအဝေးများ နှစ်စဉ်အပြန်အလှန်ကျင်းပ၍ လုပ်ငန်းများ နီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ယင်းအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံ၏ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံအနေဖြင့် နည်းပညာနှင့် လိုအပ်ချက်များ မျှဝေပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး၊ မြန်မာ-တရုတ်-ထိုင်း-လာအို လေးနိုင်ငံပူးပေါင်း၍ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင် ဝင်/ထွက်မှုမရှိစေရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လူကုန်ကူးမှုနှင့် Online ဂိမ်းလောင်းကစားမှုများ မရှိစေရေးတို့အတွက် ထိရောက်စွာအတူလက်တွဲဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်တွင် လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် အမြန်ဆုံးတည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေး ၊ မြန်မာ-တရုတ်နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ကြာတည်တံ့ခိုင်မြဲရေးအတွက် နှစ်နိုင်ငံအရေးကိစ္စများအား လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီးနှင့်အတူ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent